Saturday, February 9, 2013

ကချင်လူမျိုးဆိုသည်မှာ

ကချင်လူမျိုးဆိုသည်မှာ................................ ကချင်လူမျိုးဆိုသည်မှာ ဘယ်သူ့မှမကြောက်ပါ။ မည်မျှပင်အင်အားကြီးတဲ့ သူဖြစ်ပါစေ ကချင်လူမျိုးများအပေါ် မတရားလုပ်လျှာင် မခံပါ။ သမိုင်းတစ်လျှောက် ပြန်ကြည့်ပါ အင်္ဂလိပ်တွေတက်လာတော့ ဗမာဘုရင်နဲ့အပေါင်းအပါအားလုံး သခင်ကြီးဆိုပြီး ဖင်ဆီးခံပေမယ့် ကချင်တွေကတော့ ကချင်တောင်တန်းပေါ်တက်လာတဲ့ အင်္ဂလိပ်နှင့်ကုလား စစ်တပ်ကို ပြန်ဆော်ခဲ့တာ ကာနယ်စလေဒင်က ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ အချိန်အထိပါဘဲ။ ဒါ့အပြင် ကချင်လူမျိုးများဟာ သူတို့အပေါ် တလေးတစားဆက်ဆံတဲ့သူဆိုပါက အရင်ကရန်သူပင်ဖြစ်ပါစေ အသက်စွန့်ကာကွယ်ပေးတတ်သူတွေဆိုတာ ကချင်တောင်တန်းဒေသကို လာလည်တဲ့ ကာနယ်စလေဒင်ကို တရုတ်ဓါးပြတွေရန်က အသက်စွန့် ကာကွယ်ပေးခဲ့တဲ့ဖြစ်ရပ်တွေက သက်သေပါ။ အဲဒီလိုပါဘဲ ဖက်စစ်ဂျပန်တွေဝင်လာတော့ အောက်ပြည်အောက်ရွာက မာစတာကြီးဆိုပြီး ဖင်ဆီးခံကြပေမယ့် ကချင်တွေကတော့ ဖက်ဆစ်ဂျပန်တွေကို ၀င်လာကတည်းက ဆီးဆော်ခဲ့တာပါ။ ကြုံလို့ပြောရင် အဲဒီတုန်းက ကချင်တွေသုံးခဲ့တဲ့ တောတွင်းစစ်ဆင်ရေးနည်းနာတွေကို ဘယ်လောက်အစွမ်းထက်သလဲဆိုရင် အခုအချိန်အထိ Fort Brett _ Ranger School မှာ အမေရိကန်ကွန်မန်ဒိုတွေကို သင်ပေးနေဆဲ ဖြစ်ပါတယ်။ အမေရိကန်တွေ ကချင်တွေကို ဘယ်လောက်ကျေးဇူးတင်သလဲဆိုတာ သိချင်ရင် အမေရိကန် သံအမတ်ကြီးအိမ်ဝင်းထဲ သွားကြည့်လိုက်ပါ၊ ကချင်စစ်သားတွေရဲ့ ပုံတူ ရုပ်ထုကြီးကို ထုလုပ်ဂုဏ်ပြုထားတာ တွေ့ရပါလိမ့်မယ်။ ကချင်လူမျိုးများအနေဖြင့် တန်းတူရည်တူ ဆက်ဆံရေးကလွှဲလျှင် ဘယ်လောက်အင်အားကြီးတဲ့လူဖြစ်ပါစေ ဘယ်သူ့သြဇာမျှမခံပါ။ တရုတ်နယ်စပ်မှာ အခြေစိုက်ပေမယ့် တရုတ်သြဇာခံလို့ သတ်မှတ်ရင် အမှားကြီးမှားပါလိမ့်မယ်။ တရုတ်အနေနဲ့ကတော့ သူတို့သြဇာခံဖြစ်အောင် ခောတ်အဆက်ဆက်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ ကချင်ခေါင်းဆောင်များအနေဖြင့် တရုတ်ကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ဗကပ ဆီကနေတဆင့် လက်နက်တစ်ချို့ရယူဖူးတာကလွဲရင် တရုတ်အကူအညီကို တစ်ခါမှ မယူခဲ့ပါ။ ကေအိုင်အေ တည်ထောင်သူထဲမှာ (၁)ဦးအပါအ၀င်ဖြစ်တဲ့ ကချင်ခေါင်းဆောင် ဒူဝါ ဇောင်ဒန်ဟာ တရုတ်သြဇာခံ ကွန်မြူနစ်များနဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။ တကယ်လို့များ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန် OSS 101 တပ်ဖွဲ့လိုမျိုးသာ တရုတ်တွေရဲ့ အကူအညီကို ကချင်တွေယူခဲ့ရင် အနည်းဆုံး မြန်မာပြည်တ၀က်လောက် ကချင်လက်အောက်ရောက်နေလောက်ပါပြီ။ ဒါပေမယ့် ကချင်တွေရဲ့ ရည်ရွယ်ချက်ဟာ သူတပါးနယ်မြေကို ကျူးကျော်ဖို့မဟုတ်ပါ မိမိရသင့် ရထိုက်တဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းသာဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်မယ်ဆိုပါက ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်လိုပါသော်လည်း ကချင်များအတွက် စစ်ရေးနည်းလမ်းကလွဲလို့ ရွေးချယ်စရာမရှိဖြစ်စေခဲ့ပါတယ်။ ၁၇ နှစ်လုံးလုံး သေနတ်သံမထွက်အောင် သည်းခံစောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတော့ စစ်ပွဲများဆီသို့သာ ရောက်ခဲ့ရပြန်ပါတယ်။ ဒါတောင် အခုအချိန်အထိ ငြိမ်းချမ်းရေးကိုမျှော်မှန်းလျှက် မိမိနယ်မြေထဲဝင်လာတဲ့ စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်တာကလွဲလို့ စစ်ရှိန်ကို မမြှင့်ခဲ့ပါ။ အနိမ့်ဆုံးနေနဲ့ လန်ကျသွားတဲ့ အစိုးရတပ်တွေကို လိုက်လံချေမှုန်းတာ တောင်မလုပ်ခဲ့ပါ။ လုပ်မယ်ဆိုရင် ကေအိုင်အေအနေနဲ့ အများကြီးလုပ်လို့ရပါသေးတယ်။ မြန်မာပြည်အနှံ့ ဗုံးသံညံသွားအောင် လုပ်နိုင်သလို ရက်စက်ကြမ်းကြုပ်တဲ့ လက်နက်၊ နည်းလမ်း တွေနဲ့လည်း တိုက်ခိုက်နိုင်ပါတယ်။ မလုပ်တတ်လို့ မလုပ်နိုင်လို့မဟုတ်ပါ နှစ်ဦးနှစ်ဖက် နာကြည်းစရာမဖြစ်အောင် အတတ်နိုင်ဆုံး သည်းခံနေတာဖြစ်ပါတယ်။ စစ်ပွဲကြောင့် တိုင်းပြည်ဘယ်လောက်နစ်နာရတယ်ဆိုတာ သိပေမယ့် မိမိလူမျိုးကိုကာကွယ်ဖို့ လောလောဆယ် စစ်ရေးနည်းလမ်းသာရှိတဲ့အတွက် ကချင်လူမျိုးများ စစ်မြေပြင်ကို ထွက်ခဲ့ရပြန်ပါပြီ။ ဒီနေရာမှာ အံ့သြတာက အောင်မြင်မှုမရှိ၊ နှစ်ဦးနှစ်ဖက် အကျိုးရုတ်စေတဲ့ စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့တဲ့ ဗမာခေါင်းဆောင်တွေကိုပါ၊ ကေအိုင်အေကို စစ်ရေးအရ နှစ်ပေါင်း(၆၀)ကျော် ကာ/ချုပ် (၇)ဦးအထိ ပြောင်းပြီး တိုက်ခိုက်ပေမယ့် ဘယ်လိုမှ မနိုင်ခဲ့တာကို သိရဲ့သားနဲ့ လုပ်နေပုံက အစကတည်းက မနိုင်မှန်းသိတဲ့ စစ်ပွဲကို တမင်ဖန်တီးပြီး လက်အောက်က စစ်သားတွေကို အလကား သွားသေခိုင်းနေတာနဲ့ တူနေပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ကချင်လူမျိုးများအနေဖြင့် ဗမာအပါအ၀င် ကျန်လူမျိုးစုအားလုံးနဲ့ တန်းတူညီသော အခွင့်အရေးနှင့် ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာလက်တွဲနေထိုင်လိုတဲ့ ဆန္ဒရှိပါတယ်။ ရှိလို့လဲ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှုဆိုတာ မရှိရင် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာလည်း ရှိလာမှာမဟုတ်ဘူးဆိုတာပါ ဘဲ။ အားလုံးကို ကျေးဇူးတင်လျှက်။ Jingphaw Jinghpaw Duwa (မှတ်ချက်၊ Lachid Kachin Shared လုပ်သော Post (၁)ခုအား ပေးသော မိမိ၏ comment အား ပြန်လည်ဖေါ်ပြထားခြင်းဖြစ်ပါသည်။)