Thursday, June 21, 2012

Majan

TUESDAY, 19 JUNE 2012 16:56 သျှမ်းသံတော်ဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က KIA နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။ အစိုးရဘက်မှ ခလရ ၁၂၃ ၊ ခလရ ၄၅ ပူးပေါင်းအဖွဲ့များနှင့် KIA တပ်ရင်း ၃၆ တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးပြီး KIA ဘက်မှ ၁ ဦးသေ ၁ ဦးဒဏ်ရာရရှိကြောင်း KIO ပြောခွင့်ရသူ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ခလရ ၁၂၃ ၊ ခလရ ၄၅ အဖွဲ့တွေနဲ့ မနေ့က မုံးကိုးဒေသဘက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ် သူတို့ဘက်ကတော့ ၁၀ ယောက်ကျော် ထိခိုက်ကျဆုံးသွားတယ်  ကျနော်တို့ဘက်က တစ်ယောက် ကျတယ် တစ်ယောက်က ဒဏ်ရာရတယ် ” ဟု သူက ပြောသည်။ အဆိုပါ တိုက်ပွဲမဖြစ်ခင် အစိုးရတပ်များ နော်ဂူရွာ အတွင်းသို့ ၀င်ရောက်လာပြီး တရုတ်လူမျိုး အဖိုးအို ၊ အဖွားအို လင်မ ယား နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သူက ဆိုသည်။ ယမန်နေ့ တစ်ရက်အတွင်း ကချင်ပြည်နယ်၌ အစိုးရတပ် နှင့် KIA တို့ ၆ ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဂျွန်လ ဆန်းပိုင်းမှ ယနေ့အထိ နှစ်ဘက်တိုက်ပွဲပေါင်း ၆၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။ By,http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3241-kia-.html