Tuesday, May 26, 2009

Myitkyina Blog a Hkunlam brang

Tuesday, May 26, 2009

Traveling through Life

ဘ၀ခရီးသွား
၂၅ မေ ၂၀၀၉

ဘ၀ခရီးတလျှောက်အတွက် အသုံးဝင်မဲ့ ၁၀ ချက်



၁။ ၀န်ထုတ်ပေါ့ပေါ့နဲ့ ခရီးသွားပါ
ခရီးသွားသူရဲ့ အထုတ်အပိုးတွေကို ကြည့်ြ့ပီး ဘယ်သူက အတွေ့အကြုံရှိတဲ့ ခရီးသွားသူနဲ့ အခုမှခရီးထွက်ဖူးသူ ဆိုတာ ခွဲခြားနိုင်ပါတယ်။ လူတော်တော်များများဟာလည်း ဘ၀ခရီးသွားရာမှာ စိတ်ပိုင်းဆိုင်ရာဝန်ထုတ်တွေ များစွာ သယ်ယူရင်း သွားကြတယ်၊ ချန်ရစ်ခဲ့ဖို့ မကြိုးစားနိုင်ကြပါဘူး။ ပေါ့ပွားစွာ ခရီးသွားပါလို့ ဆိုရာမှာ ဘ၀အတွက် အရေးအကြီးဆုံး အရာတွေကိုသာ သယ်ယူသွားပါ။ ဒါပေမဲ့ လမ်းတလျှောက်လုံးမှာလည်း ခွင့်လွှတ်တောင်းပန်ဖို့ မမေ့ပါနဲ့။

၂။ တယောက်ယောက်နဲ့ ခရီးသွားပါ
ဘ၀ဆိုတာ လူတွေနဲ့ ပတ်သက်ဆက်ဆံနေရမှုပါပဲ။ ဘ၀တခုလုံး တဦးတည်း ခရီးသွားရတာ ဘယ်လောက် အထီးကျန်ပါသလဲ? တကြိမ်မှာ ထိခိုက်ခံစားဖူးတာနဲ့ သင်ရဲ့နှလုံးသားကို ပိတ်မပစ်လိုက်ပါနဲ့။ အဲဒါဟာ သင် မနှစ်သက်နိုင်တဲ့ လူတဦးရဲ့ အကျင့်လက္ခဏာတွေကို သိသွားခြင်းသာ ဖြစ်ပါတယ်။ အချိန်ဟာ ဒဏ်ရာကို ပျောက်ကင်းစေနိုင်ပါတယ်။ အဲဒီနောက် ခရီးသွားဖော် တယောက်တော့ ပြန်ရှာပါ။

၃။ လမ်းပြမြေပုံအတိုင်းသွားပါ (ဟို လမ်းပြမြေပုံတော့ မဟုတ် :-)
ခရီးအစီအစဉ်တခုတော့ ရှိပါစေ။ သင်ဘယ်သွားနေတယ်ဆိုတာ မသိရင် ဘယ်ကိုရောက်မယ်ဆိုတာလည်း မသိနိုင်ပါ။ အရေးကြီးတာက သင်ဟာ (က) နေ့စဉ် ခရီးစဉ်ကို ပြန်လည်သုံးသပ်ရင်း ဘယ်ကိုသွားချင်တယ်ဆိုတာ သိရမယ် (ခ) ပန်းတိုင်လေးတွေ ချမှတ်ရမယ်၊ ဒါပေမဲ့ လမ်းဆုံးပန်းတိုင်ခေါ်တဲ့ ရောဂါကြောင့် မသေဆုံးပါစေနဲ့။ ဘ၀ဆိုတာ (ခ) ကို ရောက်ရှိဖို့ပဲ မဟုတ်ပါ။ တကယ်တော့ ဘ၀ဆိုတာ (က) နဲ့ (ခ) အကြားမှာ ဖြစ်နေတာပါ။ ခရီးတလျှောက်လုံးမှာ ၀မ်းမြောက်စွာ ရင်ဆိုင်ပါ။ 

၎။ လမ်းကြီးကိုရွေးပါ
“အများအတွက် ဂုဏ်ရှိစေဖို့ အဖြည့်ခံလုပ်ပေးရသူဟာ သူကိုယ်တိုင် ဂုဏ်ရှိတဲ့သူ ဖြစ်သွားပါတယ်”။ ဆိုလိုတာက အဲဒီလိုလူဟာ သူ့ကိုသူလည်း ဂုဏ်မယူတတ်ဘူး၊ လူတွေကို ခွင့်လွှတ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ သူ့အနီးအနားက လူတွေကို အတတ်နိုင်ဆုံး ကူညီတယ်။

၅။ ရပ်ပါ၊ လမ်းမေးပါ
လူအများစုဟာ ခေါင်းမာပြီး အကူအညီ မတောင်းလိုကြဘူး။ သူတို့ဟာ ခရီးသွားရင် လမ်းမှာရပ်ပြီး လမ်းကြောင်းမေးရမှာထက် လမ်းပျောက်ပြီး စက်ဝိုင်းပတ် သွားနေတတ်တယ်။
ဘယ်ခရီးကိုသွားသွား တခုတော့မှတ်ထားပါ၊ အဲဒီခရီးကို အနည်းဆုံး အခြားတယောက်က သွားဖူးပြီးပြီ၊ လုပ်ဖူးပြီးပြီ။ ဒါကြောင့် လမ်းသွားရင်း အကြံဥာဏ်တောင်းတတ်ဖို့ ကြိုးစားပါ၊ ဒါမှ အချိန်ကုန်လူပန်း မဖြစ်တော့ဘူး။

၆။ လိုအပ်ရင် ဂငယ်ကွေ့ကွေ့ပါ
ဘ၀ဆိုတာ ခဲဖျက်မပါပဲ ပုံဆွဲရတဲ့ အနုပညာတရပ် လိုပါပဲ။ အမှားတခုခုလုပ်မိရင် အချိန်ကို နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ ဒါပေမဲ့ အသိနောက်မကျခင် လမ်းကြောင်းပြောင်းလို့ ဂငယ်ကွေ့ကွေ့လို့ ရပါတယ်။ တခါတလေ လမ်းကြောင်းဟာ ရှေ့ဆက်သွားလို့ မရတော့ပဲ လမ်းပိတ်နေပြီဆိုတာ သိလိုက်တာနဲ့ လမ်းကြောင်းပြန်ပြောင်းလိုက်တာဟာ စိတ်ချလုံခြုံတဲ့ လမ်းပေါ်ကို ပြန်ရောက်စေနိုင်ပါတယ်။

၇။ လမ်းလွှဲကိုလည်း နှစ်သက်ပါ
ဘ၀ဆိုတာ ဖြောင့်ဖြူးချောမွေ့တဲ့လမ်း မဟုတ်ပါ။ လမ်းတလျှောက်မှာ အတားအဆီး အခက်အခဲတွေနဲ့ ရင်ဆိုင်တတ်ပါတယ်။ အဲဒီအခါမှာ လမ်းခွဲ သို့မဟုတ် ကွေ့ဝိုက်သွားရတဲ့ လမ်းလွှဲ(detours) ကို နှစ်သက် သုံးတတ်အောင် ကြိုးစားပါ။

၈။ ဓာတ်ပုံရိုက်ပါ၊ အမှတ်တရတွေ သိမ်းထားပါ
အလုပ်ကို ပိုက်ဆံမလိုအပ်သလို လုပ်ပါ၊ ဘယ်သူမှ ကြည့်မနေသလို ကပါ၊ ဘယ်သူမှ နားမထောင်နေသလို သီချင်းဆိုပါ၊ ဘယ်တော့မှ အသည်းမကွဲဘူးသလို ချစ်ပါ၊ ဒီကမ္ဘာကြီးကို နတ်ပြည်လိုထင်ပြီး နေထိုင်ပါ။ 

၉။ ထပ်ပြီး ဝေးဝေးသွားပါ
ရောက်နေတဲ့နေရာကနေ ထပ်ပြီး နည်းနည်းဝေးဝေးသွားကြည့်ပါ။ ဘာတွေထပ်တွေ့မယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ? လှပတဲ့ မြင်ကွင်းတခုလား၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားမှုလား၊ ချစ်စရာကောင်းတဲ့ တွေ့ဆုံခြင်းလား၊ ဒါမှမဟုတ် ဆွဲဆောင်နိုင်တဲ့ ချစ်သူလား? ဝေးဝေးသွားကြည့်ပါ၊ ခရီးတလျှောက်လုံးအတွက် တန်ဖိုးရှိသွားနိုင်ပါတယ်။

၁၀။ နှင်းဆီပန်းရနံ့ကို ရှူကြည့်ပါ
မှတ်ထားပါ၊ ဘ၀ခရီးသွားတာ အရမ်းအလောတကြီး မဖြစ်သင့်ပါဘူး။ အချိန်ခဏယူပြီး ဘ၀ရဲ့ အလှတရားကို ခံစားတတ်ပါ၊ လိပ်ပြာတွေပျံဝဲနေတာကို ကြည့်တတ်ပါ၊ နောက်ပြီး မမေ့ဖို့က သင်ရဲ့ဘ၀မှာ ထိတွေ့ပတ်သက်နေတဲ့ လူတွေအားလုံး အရာအားလုံးကို ကျေးဇူးသိတတ်ပါ။

(နာမည်ကျော် စာရေးဆရာ၊ ခေါင်းဆောင်မှုသင်တန်း ဟောပြောဆရာ Dr. John C. Maxwell ရဲ့ 10 Tips for Traveling Through Life မှ ဖြစ်ပါတယ်။)