Wednesday, February 1, 2012

Operation padang hkrun lam-part ( II )

ကျနော်တို့ရဲ့ စစ်တပ်မရှိတော့တဲ့အခါ၊ ကျနော်တို့ရဲ့ လက်နက်တွေ ဒီလူတွေထံ ယုံယုံကြည်ကြည်နဲ့

အပ်ပစ်လိုက်လို့ကတော့ ကျနော်တို့ အစွယ်အချိုးခံလိုက်ရသလိုဖြစ်သွားမှာပါ။ အစွယ်မရှိတော့ဘူးဆိုရင်တော့ ဒီသားရဲတိရစ္ဆာန်တွေက ကျနော်တို့ကို အလွယ်တကူ ကုတ်ဖဲ့ဝါးမျို သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီနယ်ခြားစောင့်တပ်(BGF)ကို ကျနော်တို့ လက်မခံခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို ရှေ့တန်းစခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေဖို့ ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်။ စစ်တိုက်စရာမလိုပဲ၊ သေနတ်တစ်ချက် မဖောက်လိုက်ရပဲ ကျနော်တို့ရဲ့ လက်နက်တွေကို အလွယ်တကူ သိမ်းယူလိုက်နိုင်ခြင်းအားဖြင့် ကချင်တပ်မတော်ကို ဖျက်သိမ်းပစ်လိုက်မယ့် ကလိန်ဆင်မှု တစ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ ဗဟိုအနေနဲ့ စကားပရိယာယ်အမျိုးမျိုးပြောပြီးတော့ အဆင်ပြောချောမွေ့စွာ ကျော်လွှားခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်လောက် ကြာပြီးတဲ့နောက်မှာတော့ “လက်နက်ချပါ” လို့ ထုတ်ဖော်ပြောကြားပါတယ်။ သူတို့တစ်တွေ အရှက်ကုန်သွားကြပါပြီ။ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို တစ်နှစ်အကြာမှာ ထုတ်ပြောလိုက်ကြပါတယ်။ လက်နက်မချရင်တော့ သောင်းကျန်းသူ ဆိုပဲ။ လွန်ခဲ့တဲ့ (၁၇)နှစ်က ဘွဲ့ ကျနော်တို့ကို ပြန်ပေးကြတယ်။ အဲဒီကာလတုန်းကလည်း သောင်းကျန်းသူလို့ သတ်မှတ်ခဲ့ကြတယ်။ အင်္ဂလိပ်ဘာသာစကားအရဆိုရင်တော့ Destructive Element ဆိုပဲ။ အင်မတန်ဆိုးရွားတဲ့ စကားလုံးပါ။ ဘယ်သူတွေကမှ အမှန်တကယ် သောင်းကျန်းနေကြတာလဲ ဆိုတာ အားလုံးအသိပါပဲ။ ပြည်ထောင်စုတစ်ခုလုံးကို အုပ်ချုပ်စီမံတဲ့ အာဏာအရပ်ရပ်ကို သေနတ်နဲ့ သိမ်းပိုက်လိုက်တာ သူတို့ ဗမာအစိုးရ ကိုယ်တိုင်ပါပဲ။ နေ၀င်း တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး သောင်းကျန်းခဲ့တယ်။ ဒီဗမာစစ်တပ်သာလျှင် ပြည်ထောင်စုအပေါ် အမှန်တကယ် သောင်းကျန်းနေတာ အားလုံးအသိပါပဲ။ လက်ရှိအချိန်တွေမှာလည်း ပြည်သူလူထုအပေါ် သောင်းကျန်းနေတာ သူတို့တတွေပါပဲ။ ဒါပေမယ့် ကျနော်တို့က အသားလွှတ် သောင်းကျန်းသူ နာမည်တပ်ခံရတယ်။

ကျနော်တို့ ဗဟိုကော်မတီလည်း သူတို့တတွေနဲ့ အကြိမ်ကြိမ် အငြင်းအခုံ ဖြစ်ခဲ့ကြရတယ်။ သူတို့က ကျနော်တို့ကို နယ်ခြားစောင့်တပ်အစီအစဉ် လက်ခံဖို့ အကြိမ်ပေါင်းများစွာ အတင်းအကြပ် ဖိအားပေးခဲ့ကြတယ်။ ဒီအကြောင်းကိစ္စတစ်ခုတည်းကို ဆွေးနွေးဖို့ တိုင်း(မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)ကို ကျနော်တို့ (၁၅) ကြိမ်၊ (၁၆) ကြိမ်လောက် သွားရောက်ခဲ့ကြပါတယ်။ စာရေးသားပေးပို့တာလည်း (၁၇)စောင်လောက် ရှိခဲ့ပါတယ်။ သန်းရွှေထံကိုလည်း ရေးသားပေးပို့ခဲ့တယ်။ ဗမာအစိုးရဗဟိုဖြစ်တဲ့ နေပြည်တော်ကို ရေးသားပေးပို့ခဲ့တာလဲ အကြိမ်ပေါင်းများစွာပါပဲ။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ကျနော်တို့ရဲ့ ဥက္ကဌကြီးကိုယ်တိုင် စစ်တိုင်းဌာနချုပ်ကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာလည်း သုံးလေးကြိမ် မကပါဘူး။ ဒါပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။ “ဆုံးဖြတ်နိုင်တဲ့ သူတွေလာပါ” ဆိုလို့ ဘာအရေးကြီးကိစ္စများ ပြောလိမ့်မလဲဆိုပြီး ဥက္ကဌကြီးကိုယ်တိုင် သွားရောက်တွေ့ဆုံတော့လည်း ဒီနယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းရေးကိစ္စကိုပဲ ထပ်ခါထပ်ခါ ဖိအားပေးပြောပြန်ရော။

“ ဒီBGF အစီအစဉ်ကို လက်ခံဖို့လိုပါတယ် … ဒါဟာ အဘ သန်းရွှေရဲ့ မေတ္တာပါ … ” ဆိုပဲ။

အဲဒီလိုတွေဖြစ်တော့ ဘာမှပြောဆိုဆွေးနွေးလို့မရတဲ့အခါ ဒီတွေ့ဆုံဆွေးနွေးမှုတွေကလည်း မအောင်မြင်ခဲ့ပါဘူး။ ဒီလိုပဲ အကြိမ်ကြိမ် အငြင်းအခုံတွေ ဖြစ်ခဲ့ကြရတဲ့အတွက် နောက်ဆုံး ကျနော်တို့ဘက်က ဘာပြောခဲ့သလဲဆိုတော့

“ ကောင်းပါပြီ … ကျနော်တို့ ကချင်တွေ ဖြူစင်တဲ့ စိတ်သဘောထားနဲ့ ပွင့်ပွင့်လင်းလင်း၊ ဖြောင့်ဖြောင့်မတ်မတ် ပြောပါမယ် … ဒီပြည်ထောင်စုဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင်ပေါ်ပေါက်ခဲ့တဲ့ ပြည်ထောင်စုဖြစ်တယ် … ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လက်နက်စွန့်ပါမယ် …”

ဒီပြည်ထောင်စုကြီးဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်မှ စတင်ပေါက်လာခဲ့တဲ့ ပြည်ထောင်စုဖြစ်တယ်။ ဟိုအရင် ဗမာဘုရင်တွေလက်ထက်မှာ ပြည်ထောင်စုဆိုတာရှိခဲ့တာ မဟုတ်ဘူး။ နောက်ဆုံးဗမာဘုရင် သီပေါမင်းနဲ့ ဆွေမျိုးတွေကို အင်္ဂလိပ်တွေ သိမ်းကျုံးဖမ်းဆီးသွားတဲ့ အချိန်အထိ ပြည်ထောင်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ ပင်လုံစာချုပ်ကြောင့်သာလျှင် ဒီပြည်ထောင်စု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်။ ပင်လုံကတိက၀တ်ဟာ ဒီပြည်ထောင်စုကြီးကို မွေးဖွားပေးလိုက်တဲ့ မိခင်ကြီးဖြစ်တယ်။ ဒီပင်လုံစာချုပ်ဟာ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေကို စုစည်းထားတဲ့ ပြည်ထောင်စုတည်ထောင်ဖို့အတွက် ကတိက၀တ်ဖြစ်တယ်။ အဲဒီပင်လုံစာချုပ်မှာ ကျနော်တို့ရဲ့ ဘိုးဘွားခေါင်းဆောင်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကတိက၀တ်တစ်ခုဆိုတာ လက်မှတ်ရေးထိုးခြင်းအားဖြင့် အတည်ပြုခိုင်မာ စေဖို့ လိုပါတယ်။

ပြည်ထောင်စုတည်ထောင်ဖို့အတွက် ကျနော်တို့ရဲ့ ဘိုးဘွားတွေ ဘာကြောင့် ဒီစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုတာလဲ။ ဘာကြောင့် လက်မှတ်ရေးထိုးခဲ့ကြရတာလဲ။ ဒီကနေ့ လူငယ်တွေ မှတ်သားထားကြပါ။ ဘာကြောင့် လက်မှတ်ရေးထိုးဖို့ လိုတာလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ဟာ ဗမာပြည်မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကျနော်တို့ရဲ့တိုင်းပြည်ဟာ အခြားပြည်တစ်ပြည် ဖြစ်တဲ့ အတွက် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးရခြင်းဖြစ်တယ်။ ဒီလိုသာမဟုတ်ရင်တော့ ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကျနော်တို့အကြောင်း ပါဝင်စရာ အကြောင်းမရှိပါဘူး။ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်ရင် ပြီးသွားမယ့် ကိစ္စပဲ။ ကျနော်တို့ဘိုးဘွားတွေ ပါဝင်ပတ်သက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို ကျနော်တို့ တိုင်းရင်းသားဒေသတွေအပါအ၀င် ရယူဖို့အတွက်၊ လွတ်လပ်ရေးရပြီးတဲ့နောက် ပြည်ထောင်စုတည်ထောင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်တယ်။ ကျနော်တို့ပြည်ဟာ အစကတည်းက ဗမာပြည်ဖြစ်ခဲ့မယ်၊ ဗမာပြည်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ ဘိုးဘွားတွေ လက်မှတ်ရေးထိုးစရာ မလိုပါဘူး။ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စတဲ့ ပြည်ထောင်တွေပေါင်းလိုက်တဲ့ အခါမှသာလျှင် ပြည်ထောင်စုဖြစ်လာမှာ ဖြစ်တယ်။ တစ်ခုချင်းစီဆိုရင်တော့ တိုင်းပြည်တစ်ပြည်သာ ဖြစ်တယ်။ ကချင်ပြည်ပဲ၊ ရှမ်းပြည်ပဲ။ ကျနော်တို့ ဘိုးဘွားတွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဟာ ကျနော်တို့ရဲ့ပြည်ကို ပြည်ထောင်စုမှာ ထည့်သွင်းပေါင်းစည်းလိုက်ခြင်းပဲ ဖြစ်တယ်။ ပြည်ထောင်စုမှာ ပေါင်းစည်းပါဝင်လိုက်တဲ့အခါမှသာ

ပြည်နယ်တစ်ခုဖြစ်လာတာပါ။ သီးသန့်တစ်ခုတည်းဆိုရင် တိုင်းပြည်တစ်ပြည်ပါပဲ။ ကချင်ပြည်ပါပဲ။

Wunpawng Mungdan ပါပဲ။ Wunpawng Mungdan (ကချင်တိုင်းပြည်) ကို Munghpawm (ပြည်ထောင်စု)မှာ ပေါင်းလိုက်တဲ့အခါမှသာလျှင် Wunpawng Mungdaw (ကချင်ပြည်နယ်) ဖြစ်လာတာပါ။

ဒီတိုင်းပြည်ဟာ ဘုရားသခင် ကျနော်တို့ကို ပေထားတဲ့ တိုင်းပြည်ပါ။ ကျနော်တို့ရဲ့ ဘိုးဘွားတွေဟာ ဟိုးပဝေသဏီ နတ်ကိုးကွယ်တဲ့ကာလတွေကတည်းက ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို လက်ခံယုံကြည်ခဲ့ကြတာပါ။ Hpan Wa Ningsang ဆိုတာ အကြီးမြတ်ဆုံးသော အစဉ်အမြဲရှင်သန်နေတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Chye Wa Ningchyang ဆိုတာ မနေ့၊ ယနေ့၊ နောက်ကာလတွေမှာ ဖြစ်ပျက်ခဲ့သမျှ၊ ဖြစ်လာမယ့်အရာတွေနဲ့ အရာရာကို သိမြင်နေတဲ့ ထာဝရဘုရားကို ပြောတာပါ။ ဒါကြောင့် ဒီတိုင်းပြည်ဟာ ဒီကနေ့ ကျနော်တို့ ကိုးစားယုံကြည်တဲ့ ဖန်ဆင်းရှင်ထာဝရဘုရားသခင် ဖန်ဆင်းပေးအပ်ထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြီးရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ပါဝင်ဖို့ ကျနော်တို့ရဲ့ပြည်ကို ပေါင်းစည်းခဲ့ခြင်းဖြစ်တယ်။ ဗမာပြည်မဟုတ်တဲ့ ကျနော်တို့ရဲ့ပြည်ကို ဗမာအစိုးရကပဲ ချယ်လှယ်စိုးမိုးနေတာ၊ ကျနော်တို့ပြည်က သယံဇာတတွေကို အကြီးအကျယ် ထုတ်ယူရောင်းချနေတာ၊ ကျနော်တို့ပြည်ကို ဗမာပြည်လို့ပဲ ယျေဘုယသတ်မှတ်ခြင်းခံရတာ လုံးဝ တရားမျှတမှု မရှိတဲ့ကိစ္စပါပဲ။ သူတို့နဲ့ လားလားမျှသက်ဆိုင်ခြင်းမရှိတဲ့ အရာတွေကို လာရောက်စီမံချယ်လှယ်နေခြင်းပါပဲ။

အဲဒါကြောင့် ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရမှ ဖြစ်မှာပါ။ ဒီကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်မှ မသတ်မှတ်ပေးနိုင်ဘူးဆိုရင်တော့ ဘာ့ကြောင့် ပြည်ထောင်စုမှာ ဆက်ပါဝင်ရမှာလဲ။ ပြည်ထောင်စုမှာ မပါဝင်လဲ ကျနော်တို့ တရားဝင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမှ ပြည်ထောင်စုမလုပ်ချင်တာကိုး။ စစ်မှန်တဲ့ပြည်ထောင်စု မတည်ထောင်ချင်ဘူးဆိုရင်တော့ ကျနော်တို့လည်း ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားတဲ့ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မတိုင်ခင် အခြေအနေအတိုင်း ပြန်နေဖို့ပဲ ရှိတော့တာပေါ့။ ဒီကိစ္စဟာ ရှင်းနေတာပဲ။ သူတို့အနေနဲ့ ပြည်ထောင်စုအကြောင်းမစဉ်းစားဘူး၊ ဒီမိုကရေစီစနစ်အကြောင်း မစဉ်းစားဘူးဆိုရင်တော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ သူတို့လက်အောက်မှာ ဘယ်သူက ကျွန်လို နေချင်မှာလဲ။

“ မင်းတို့ ဒီလိုနေချင်ကြသလား ? ” - “ မနေချင်ပါဘူး …”

“ ကျွန်လို နေချင်ကြသလားဟေ့ ? ” - “ မနေချင်ပါဘူး …”

အေး … နေချင်လို့ ဘယ်ဖြစ်မလဲ။ ဘာကြောင့် ကျွန်လို နေကြရမှာလဲ။ အခုလေးတင်ပဲ ဒီအစည်းအဝေးကို တရားဟောဆရာ ဆုတောင်းဆက်ကပ်ပြီး ကျမ်းစာဖတ်ခဲ့တယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို လွတ်မြောက်ဖို့ရန်အတွက် ရွေးနှုတ်ကယ်တင်ခဲ့ခြင်းဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ကို ကျွန်ဇာတ်မှာ နှစ်မြှုပ်မနေကြဖို့ ဆိုထားပါတယ်။ ကျွန်ဖြစ်နေဖို့ ဘုရားသခင် အလိုတော်မရှိပါဘူး။

“ အဲဒါကြောင့်မို့လို့ ပင်လုံညီလာခံမှာ ဆွေးနွေးသဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်း

ပင်လုံကတိတ၀တ်နဲ့၊ ပင်လုံစိတ်ဓါတ်နဲ့ ဒီပြည်ထောင်စုကြီးကို တည်ထောင်မယ်ဆိုရင်

ကျနော်တို့ ကချင်တွေ လက်နက်မကိုင်တော့ပါဘူး …

ပြည်သူ့စစ်အနေနဲ့၊ နယ်ခြားစောင့်တပ်အနေနဲ့တောင် မနေပါဘူး …

လုံးဝကို လက်နက်စွန့်ပါမယ် … ”

လို့ ကျနော်တို့ အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကချင်တွေ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

“ ကဲ … ကျနော်တို့တတွေ ဖြောင့်မတ်ရမယ်

ကျနော်တို့ရဲ့ မှန်ကန်မှုကို ထုတ်ဖော်ပြောကြားကြရမယ်…

စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင်

ကျနော်တို့ ကချင်တွေဟာ လက်နက်စွန့်ပါမယ် … ”

သန်းရွှေထံ ကျနော်တို့ကေအိုင်အို အနေနဲ့ စာရေးသားပေးပို့ရာမှာလည်း ဒီအကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ထံမှ ဘာအကြောင်းပြန်ကြားချက်မှ ပြန်မရခဲ့ပါဘူး။ ဘာလို့ နည်းနည်းလေးတောင် အဖက်မလုပ်၊ အကြောင်းမပြန်ရတာလဲဆိုတော့ သန်းရွှေနဲ့ စစ်အုပ်စုရဲ့ စိတ်ထဲမှာ ပြည်ထောင်စု မရှိတော့လို့ ဖြစ်တယ်။ ဒီမိုကရေစီစိတ်ဓါတ် မရှိလို့ ဖြစ်ပါတယ်။ လက်နက်စွန့်ပါမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာတောင် မသာအလောင်းကောင်ကို အမှာစကားပါးသလိုပဲ ဘာဆိုဘာမှ ပြန်ကြားပြောဆိုခြင်း မရှိခဲ့ပါဘူး။

ဒီလောက်ဆိုရင်တော့ ကျနော်တို့ဗဟိုအနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စကို ဘာကြောင့် လက်မခံခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းသဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မျိုးချစ်ရဲဘော်တွေ အနေနဲ့ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ နားလည်အောင် ရှင်းလင်းပြောပြကြပါ။ ရဲဘော်ရဲဘက် အချင်းချင်းလည်း ရှင်းပြပေးကြပါ။ ကျနော်တို့အပေါ် အင်မတနှ် မမှန်မကန်လုပ်နေကြတဲ့ ဗမာအစိုးရပါပဲ။

အရပ်သားအစိုးရ ပေါ်ပေါက်လာတဲ့အခါမှသာလျှင် နိုင်ငံရေးဆွေးနွေးကြပါဆိုပြီး ကျနော်တို့ကို (၁၇)နှစ်တိုင်တိုင် ချောင်ထိုးထားတယ်။ အပစ်ရပ်အချိန်ကာလအတွင်း ကျနော်တို့ကို ဘယ်လို ချုပ်ချယ်ခဲ့သလဲ ဆိုတော့ အစိုးရတစ်ရပ်လုပ်တဲ့ လုပ်ငန်းတွေ ကျနော်တို့ကို မလုပ်ဖို့ပြောတယ်။

အခွန်ကောက်ခံခြင်း မပြုရ။

တရားစီရင်ခြင်း မပြုရ။

စစ်အင်အား တိုးချဲ့ခြင်း မပြုရ။

စစ်လက်နက် တိုးချဲ့တပ်ဆင်ခြင်း မပြုရ။

စတဲ့ ‘ မလုပ်ရ၊ မလုပ်ရ ’ ဆိုတာတွေချည်း ပါပဲ။ ကျနော်တို့ကိုတော့ ‘မလုပ်ရ’ တွေနဲ့ ပိတ်ပင်တားမြစ်ပြီး သူတို့တတွေကျတော့ စစ်တပ်တွေချဲ့ပြီးရင်းချဲ့ခဲ့ကြတယ်။ တပ်အင်အားတွေ တိုးပြီးရင်းတိုးခဲ့ကြတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း စစ်အင်အား ဘယ်လောက်တောင် တိုးချဲ့နိုင်ခဲ့ကြသလဲ ဆိုတော့ လမ်းဆုံလမ်းခွမကျန် ကင်းစခန်းတွေ ပေါ်လာတယ်။ ကျနော်တို့နဲ့ နယ်ခြားစခန်း လဂျားယန် (Laja Yang) မှာလဲ စစ်တပ်အပြင် မူးယစ်ရဲ၊ ရာဇ၀တ်ရဲ စသဖြင့် ဘာတွေမှန်းကို မသိအောင် စခန်းတွေလာဖွင့်ထားကြတယ်။ သူတို့တတွေကျတော့ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး အရပ်ရပ်ကိုလည်း ယူလိုက်တယ်။ ညီလာခံဆိုတာလုပ်ပြီး သူတို့ကြိုက်သလိုရေးထားတဲ့ အခြေခံဥပဒေကိုလည်း မတရားသဖြင့် ရေးသားအတည်ပြုလိုက်တယ်။ စစ်အင်အားတိုးချဲ့တယ်။ စုကြည်နဲ့ အဖွဲ့ကိုလည်း ဂဏန်းခြေထောက် ခြွေသလို ပြုတ်ပြုတ်ပြုန်းအောင်၊ ဘာမှလှုပ်ရှားလို့ မရအောင် လုပ်လိုက်ကြတယ်။ ကျနော်တို့ကိုလည်း အဘက်ဘက်မှ ကန့်သတ်တာမျှမက ဖြတ်လေးဖြတ်ဆိုတာမျိုးတွေလုပ်လာခဲ့ကြတယ်။ ဘဏ္ဌာငွေ မရရှိနိုင်ရန်လုပ်တဲ့ ဖြတ်လေးဖြတ်မကတဲ့ ဖြတ်တောက်မှုတွေ လုပ်ခဲ့ကြတယ်။

ကျောက်စိမ်းမှော်မှာလည်း သူတို့ကြိုက်သလို ချယ်လှယ်စိုးမိုးကြတယ်။ ကျနော်တို့ပြည်က ထွက်တဲ့ ကျောက်စိမ်းတွေကို သူတို့ကြိုက်သလို ထုတ်ဖော်ရောင်းစားနေကြတယ်။ ကျောက်စိမ်း Emporium တစ်ခုလုပ်တိုင်း ယူရိုငွေသန်းထောင်ချီ ရရှိကြတယ်။ ဒီငွေတွေ ဘယ်မှာ ဘာတွေလုပ်လိုက်ကြသလဲတော့ မသိဘူး။ သူတို့က ဒီလို အမြတ်ထုတ်စားနေကြတယ်။ အင်မိုင်ခ နဲ့ မလိခ မြစ်ဆုံဘက်မှာလည်း တရုတ်နဲ့ ပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်းတွေ အကြီးအကျယ် အကောင်အထည်ဖော်ကြတယ်။ ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားတွေ အကုန်လုံး တရုတ်ပြည်ကို ရောင်းစားဖို့ လုပ်ကြတယ်။

ကဲ … ဒါကျနော်တို့ရဲ့ တိုင်းပြည်ဒေသလေ။ ဘာကြောင့် ဒီလိုစီမံကိန်းကြီးတွေလုပ်ဖို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ အသိမပေးရတာလဲ။ ဘာကြောင့် ကျနော်တို့ကို ပြောဆိုအကြံပေးခွင့်လေးတောင် မပေးရတာလဲ။ ကျနော်တို့ ကေအိုင်အိုလည်း ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့တာပဲ။ ကျနော်တို့ရဲ့ စက်ရုံကနေ ဖြန့်ဝေတဲ့ လျှပ်စစ်ဓါတ်အားကို ဒီကနေ့ သူတို့သုံးစွဲနေကြတာပဲ။ ဒီလူတွေ အရှက်မရှိကြဘူးလား။ ဒီကနေ့ထိ မြစ်ကြီးနားမှာ ကျနော်တို့ ပေးတဲ့လျှပ်စစ်မီး ထွန်းနေကြတာပဲ။ ကျနော်တို့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အစဉ်တစိုက်လုပ်ခဲ့ကြတာပဲ။ ဒီ မလိ-အင်မိုင် မြစ်ဆုံကိစ္စကျမှ ဘာလို့ ကျနော်တို့ကို နည်းနည်းလေးတောင်မှ မတိုင်ပင်ရတာလဲ။ ဘာ့ကြောင့် မပြောပြကြရတာလဲ။

ကျနော်တို့ ပြည်က သဘာဝရေအရင်းအမြစ်တွေကို သူတို့ကြိုက်သလို စီမံချယ်လှယ်ပြီး ထွက်ရှိမယ့် ရေအားလျှပ်စစ်တွေအကုန်လုံး တရုတ်ကို ရောင်းစားပြီး သူတို့က အမေရိကန်ဒေါ်လာ သန်းထောင်ချီ မြိုဆို့မယ့်ကိစ္စပဲ။ ဒီစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မလိ-အင်မိုင်မြစ်ဆုံနားက ဆည်တမံဟာ လုံးဝကို တည်ဆောက်ရမယ့်ကိစ္စ မဟုတ်ဘူး။ ဒီဆည်တည်ရှိနေမယ့် နေရာဟာ ဗမာစကားအရဆိုရင် စစ်ကိုင်းပြတ်ရွေ့ကျောလို့ခေါ်တဲ့ မြေငလျှင်ကျောကြီးရှိနေတဲ့ နေရာဖြစ်တယ်။ နောက်တစ်ချက်က ဒီ မလိခ(မြစ်)ဟာ တစ်ခါတစ်ရံ အချို့နှစ်တွေမှာ ရေကြီးရင် မြစ်ကြီးနား စီတာပူ (Shata Pru)က အမြဲလိုလို ရေလွှမ်းနှစ်မြှုပ်လေ့ ရှိတယ်။ ဒီလိုဆိုတော့ ငလျှင်ကြောင့်ပဲဖြစ်ဖြစ်၊ မိုးသည်းထန်၊ ရေကြီးလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် စတုရန်းမိုင်ပေါင်း (၅၀၀) နီးပါးရှိမယ့် ဒီဆည်ကြီးသာ ကျိုးပေါက်ခဲ့မယ်ဆိုရင် မြစ်ကြီးနားတစ်မြို့လုံး ရေအောက်ရောက်သွားမယ်။ ဒါမျှမက ဆင်ဘိုနားက မြစ်ကျဉ်းကြောင့် ရေမြန်မြန်ဆန်ဆန်စီးဆင်းသွားနိုင်ခြင်းရှိမှာ မဟုတ်တဲ့အတွက် မြစ်ကြီးနားတစ်မြို့လုံးသာမက မိုးကောင်းဒေသ၊ နမ္မတီးဒေသတွေ၊ ၀ိုင်းမော်ဘက်ခြမ်းက ခပ်ချို၊ ၀ါရှောင်အပါအ၀င် ဒဘပ်၊ဂျာပူဘက်ထိ ရောက်အောင် ရေပင်လယ်ပြင်ကြီးလို ဖြစ်သွားမယ်။ ကျနော်တို့ ကချင်တွေ ဒီဒေသတွေ တ၀ိုက်မှာ အများစုနေထိုင်ကြတာ၊ ဒီလိုသာ ရေကြီးလွှမ်းမိုးသွားမယ်ဆိုရင်တော့ ကချင်တွေလည်း ကုန်ပြီပေါ့။ ဒီလိုကိစ္စတွေကြောင့် သန်းရွှေထံ ကျနော်တို့ ကန့်ကွက်စာ ရေးသားပေးပို့တယ်။ ဘာမှ အကြောင်းမပြန်ဘူး။ ဒီလိုပဲ လျှစ်လျူရှု ခံခဲ့ရပါတယ်။

ဟူးကောင်းလွင်ပြင်ဒေသဘက်မှာလည်း ယူဇနကုမ္ပဏီမှ မြေဧကသိန်းနဲ့ချီပြီး သိမ်းပိုက် လုပ်စားကြတယ်။ ကျနော်တို့ရဲ့ ပြည်သူလူထုရဲ့ လယ်ယာမြေတွေ မတရားသိမ်းပိုက်လိုက်တော့ ပြည်သူတွေခမျာ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေကြရတယ်။

“ ကဲ … ဒီကနေ့တော့ ကျုပ်တို့ သေနတ်ဖောက်လို့ရပြီ …

ဒီတော့ ယူဇနကုမ္ပဏီကို ကျုပ်တို့ ညွှန်ကြားထားပြီးပြီ …

ကျုပ်တို့ရဲ့ ပြည်သူလူထုထံမှ မတရားသိမ်းယူထားတဲ့ လယ်ယာမြေတွေ အကုန်ပြန်ပေးပါ …

မပေးဘူးဆိုရင် ကျုပ်တို့ အကြောင်းသိမယ် … ဒီကနေ့ ကျုပ်တို့ သေနတ်ဖောက်လို့ ရပြီ …

ဟိုအရင်ကလို လက်ပိုက်စောင့်ကြည့်နေမှာ မဟုတ်တော့ဘူး …

ကျုပ်တို့ ကချင်လွပ်လပ်ရေးတပ်တွေ ဟိုအရင်ကလို မဟုတ်တော့ဘူး …

ကျုပ်တို့ မှားခဲ့ကြတဲ့အတွက် (၁၇)နှစ်တာကာလပတ်လုံး ဘာမှလုပ်လို့ မရဘူး။ နိုင်ငံရေးလည်း လုပ်လို့မရ။ စစ်အင်အားလည်း တိုးချဲ့လို့မရ။ အဲဒီလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။

ကျုပ်တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာရမယ်လို့ အကြောင်းကြားထားပြီးပြီ …

ပြန်မပေးဘူးဆိုရင်တော့ ဆော်မှာပဲ …

ကချင်လွတ်လပ်ရေးတပ်မတော်ဟာ အလှပြဖို့ ရှိနေတာ မဟုတ်ဘူး …

တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ် … ”

ယုဇနကုမ္ပဏီက လယ်မြေဖော်ထုတ်ရေးဆိုပြီးတော့ ဟူးကောင်းချိုင့်ဝှမ်းဒေသကို အုပ်စိုးလိုက်ကြတယ်။ သူတို့ကြိုက်သလို ချယ်လှယ်အမြတ်ထုတ်ကြတဲ့ သဘောပါပဲ။ ကျနော်တို့ ပြည်သူပြည်သားတွေမှာတော့ မျက်ရည်နဲ့ မျက်ခွက်။ အဲဒီတော့ ဒီအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။

ဒီတစ်ခေါက် ပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ လွတ်လပ်ရေးတပ်အနေနဲ့ ဟိုအရင်တုန်းက အခြေအနေနဲ့ မတူတာကို တွေ့ရပါတယ်။ ဟိုအရင်အချိန်တွေတုန်းက ကျနော်တို့တပ်တွေ ဗမာစစ်သား သုံ့ပန်းဖမ်းမိတယ် ဆိုတာ အင်မတန်နည်းပါတယ်။ ဖမ်းမိခဲ့ဖူးတဲ့ သုံ့ပန်းတွေမှာထဲလည်း အရာရှိဆိုတာ မရှိခဲ့ဖူးသလောက်ပါပဲ။ အင်မတန် ကြိုးပမ်းအားထုတ်ပြီး စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းတဲ့အခါတွေမှာသာ ဖမ်းမိဖူးတာပါ။ ဒါပေမယ့် အခုပြန်ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ ဗမာစစ်အရာရှိတွေကို လတိုင်းလိုလို ဖမ်းဆီးရမိနေတာကို တွေ့ရပါတယ်။ တပ်မဟာ(၄) ဒေသဘက်မှာလည်း ကျနော်တို့ ရဲဘော်တွေ လိုက်လံဖမ်းဆီးရာမှာ အရာရှိတွေအပါအ၀င် ဖမ်းဆီးရမိကြပါတယ်။ ကနေ့အထိ ဖြစ်ခဲ့ပြီးဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း ဗမာစစ်တပ်အရာရှိတွေ အမြောက်အများကို ရှင်းလင်းပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။ တပ်မဟာ(၂) နယ်မြေဘက်၊ အဲဒီ ယုဇနဘက်ခြမ်းမှာလည်း ကျနော်တို့တပ်တွေ ရှင်းပစ်လိုက်တာ တပ်ရင်းမှူးနှစ်ယောက် ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် အဖြစ်အပျက်တွေမှာတော့ ကျနော်တို့ကို ကူညီနေတဲ့သူ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

အဲဒီလိုပဲ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဇွန်(၉)ရက်နေ့ကတည်းက သူတို့ဘက်က အကျအရှုံးများခဲ့တဲ့အခါကျတော့ စစ်သုံ့ပန်းလွှဲအပ်ဖို့၊ သူတို့ဘက်က ဒါဏ်ရာရစစ်သည်တွေကို သယ်ဆောင်ဖို့၊ ကျဆုံးစစ်သည်တွေကို ကောက်ယူဖို့အတွက် ပြဿနာစဖြစ်တဲ့ (၉)ရက်နေ့မှာပဲ ကျနော်တို့ အပစ်အခတ် ခေတ္တရပ်ပါတယ်။ မနက်ပိုင်း (၁၁)နာရီ (၄၅)မိနစ်မှာ အပစ်ရပ်ပါတယ်။ အဲဒီအချိန်မှာ ဗမာအစိုးရတပ်သားတွေ လက်မြှောက်ထားကြတယ်။ ကျနော်တို့ စိတ်သဘောကြီးခဲ့ကြပါတယ်။ ဘယ်စစ်ပွဲတွေမှာပဲဖြစ်ဖြစ် ကြက်ခြေခတ် (Red Cross) အလံကို လွှင့်ပြီး ကျဆုံးစစ်သည်တွေ၊ ဒါဏ်ရာရ စစ်သည်တွေကို ကောက်ယူသယ်ဆောင်ကြရတာ ကမ္ဘာ့စစ်ဥပဒေပါပဲ။ ဒီသဘောတူညီချက် ဥပဒေကို ကျနော်တို့ လိုက်နာပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်သားတွေတောင် လိုက်နာကျင့်သုံးပါတယ်။

သူတို့ဘက်က ဘာပြောသလဲဆိုတော့ သူတို့ဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ စစ်ဘက်၊ အရပ်ဘက်အမှုထမ်းတွေအားလုံးကိုလည်း လွှတ်ပေးမယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးပါ့မယ် လို့ ပြောတယ်။ တိုင်းမှူးက ကျနော်တို့ကို ဒီလိုပဲ လိမ်ညာပြောခဲ့တယ်။

ပြဿနာစတင် ဖြစ်ပွားခဲ့တုန်းကလည်း သူတို့ဘက်က ဘယ်လိုပြောခဲ့သလဲဆိုတော့ “ Bum Sen ကို တက်လာတဲ့ စစ်ဗျူဟာမှူးနဲ့ အဖွဲ့ နောက်နေ့ မနက်ကျရင် ပြန်ဆုတ်ခွာသွားပါမယ် … ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေလည်း လဲလှယ်ကြရအောင် ” လို့ပြောလာတယ်။ Sang Gang ဆက်ဆံရေးရုံးမှ ကျနော်တို့ရဲ့ ဒုတပ်ကြပ် ချန်းယိမ်းကိုလဲ သူတို့ဖမ်းထားတဲ့ အချိန်ပေါ့။ အဲဒီတော့ ကျနော်တို့ဖမ်းမိထားတဲ့ စစ်ဗိုလ်နှစ်ယောက်နဲ့ တပ်သားတစ်ယောက်ကိုလည်း ကျနော်တို့ ပြန်လွှဲအပ်ပေးခဲ့တယ်။ သူတို့ဘက်က ကျဆုံး/ဒါဏ်ရာရ စစ်သည်တွေကိုလည်း ကောက်ယူခွင့် ပြုပေးခဲ့တယ်။

အဲဒီနောက်တော့ သူတို့ပြောခဲ့တဲ့ စကားတွေလည်း တစ်ခုမှ မတည်တော့ဘူး။ ဗျူဟာမှူးက ဘာပြောလာသလဲဆိုတော့ “ ကျုပ်တို့တက်လာတာ Bum Sen စခန်းသိမ်းဖို့ ” တဲ့။ တင်းတင်းမာမာ ပြောလာကြတယ်။ Bum Sen စခန်းကနေ ကျနော်တို့တပ်သားတွေ ဆုတ်ခွာပေးရမယ်လို့ ဆိုလာပါတယ်။ သူတို့က အစိုးရဖြစ်တဲ့အတွက် ဆုတ်ခွာပေးရမယ်တဲ့။ အဲဒီလိုကြေးသာဆိုရင် ကျုပ်တို့လဲ အစိုးရပဲလေ။

ဗျူဟာမှူးလည်း ပြန်မဆင်းသွားတော့ဘူးတဲ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်ကတော့ ဖမ်းမိထားတဲ့ သူတို့လူတွေ အကုန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်။ အင်ဘာပါဘက်မှာရော၊ ဖားကန့်ဘက်မှာရော ဖမ်းမိထားတဲ့ သူတို့စစ်သားတွေ၊ ရဲတွေ အကုန်လွှတ်ပေးပြီးပြီ။ သူတို့ဖမ်းထားတဲ့ ကျနော်တို့ရဲ့ အမှုထမ်းတွေ အကုန်လုံးကိုလည်း လွှတ်ပေးပါ့မယ်ဆိုပြီး တိုင်းမှူးကတိပေးပြီးတော့ ဒီနေ့အထိ မလွှတ်ပေးသေးဘူး။ ဒီဗမာစစ်တပ်ကလူတွေ အဲဒီလောက်ထိ ကလိန်ကျတယ်၊ ဒီလောက်ထိကို ဗြောင်လိမ်ဗြောင်စား လုပ်ကြတယ်။ ခေတ္တပဲ အပစ်ရပ်ပြီးတော့ ညနေပိုင်းကျတော့ ကျနော်တို့ကို ထိုးစစ်ဆင်ပြန်ရော။ အဲဒီလို အချိန်တိုတိုလေးအတွင်းမှာလည်းပဲ လိမ်ညာလှည့်စားခဲ့ကြတယ်။

ဒါပေမယ့် ကျနော်တို့ဘက်က သူတို့ကို ဆက်လက်အဆက်အသွယ်ပြုလုပ်ပြီး ညှိနှိုင်းခဲ့တယ်။ ဇွန်လ (၁၃)ရက်နေ့ မွန်းတည့်ချိန်အထိ ကျနော်တို့ သည်းခံစောင့်ဆိုင်းပြီး ညှိနှိုင်းခဲ့ကြပါတယ်။ ကျနော်တို့ သဘောထားကြီးကြီးနဲ့ စိတ်ရှည်သည်းခံခဲ့ကြပါတယ်။ ကျနော်တို့ဟာ စစ်သွေးကြွနေတာမဟုတ်ဘူး။ အသားလွှတ်စစ်တိုက်ချင်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာချင်တာပါ။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတိုင်ပင်ချင်တာပါ။ ကျနော်တို့ မရှိမဖြစ် ရဖို့လိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နိုင်ငံရေးနည်းလမ်းအားဖြင့်၊ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာပေးကြပါလို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဒါကို သူတို့ သဘောမတူပါဘူး။ အဲဒီတော့ မကောင်းတဲ့သူက ဘယ်သူလဲ၊ မှားနေတဲ့သူက ဘယ်သူလဲ ဆိုတာ ရှင်းနေတာပါပဲ။

Operation Padang Hkrunlam - Part III

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါသည်။]

By: http://www.facebook.com/note.php?note_id=2695294266438

Read more »

Operation padang hkrun lam-part ( III )

ဒီတစ်ခေါက်ပြန်ဖြစ်တဲ့ စစ်ကို ကျနော်တို့ ဗဟိုက ဘယ်လိုသဘောထားသလဲဆိုတော့ လွန်ခဲ့တဲ့ (၁၇)နှစ်တာကာလပတ်လုံးလည်း အပစ်ရပ်ခဲ့ကြပြီးပြီ၊ ဘာနိုင်ငံရေးအဖြေမှလည်း ပေါ်ပေါက်လာခြင်း မရှိဘူး။ နိုင်ငံရေးဆွေးနွေးပြောဆိုခြင်းလည်း မရှိခဲ့ဘူး။ အမျိုးသားညီလာခံကို တက်ရောက်ပြီး ဆွေးနွေးခဲ့သော်လည်းပဲ၊ ရေးသားတင်ပြခဲ့သော်လည်းပဲ အရာမထင်ခဲ့ဘူး။ နယ်ခြားစောင့်တပ်အရေးတုန်းကလည်း ပင်လုံကတိက၀တ်အတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ ကချင်တွေ လုံးဝလက်နက်စွန့်ပါမယ် လို့လဲ ကမ်းလှမ်းခဲ့ပြီးပြီ။

“ ဒါကြောင့်မို့လို့ ဒီတစ်ခေါက်တော့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးတံခါးမဖွင့်နိုင်သ၍၊ တိုင်းပြည်နဲ့လူမျိုးအတွက် အလင်းတံခါးကို မဖွင့်နိုင်သ၍ ကျနော်တို့ဘက်က အပစ်မရပ်တော့ပါဘူး … ရရာလက်နက်၊ ရှိသမျှ လက်နက်နဲ့ ကြိုးစားအားထုတ်ကြဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်… ”

တရုတ်လည်း ကျနော်တို့ကို ကူမှာ မဟုတ်ပါဘူး။ အိန္ဒိယလည်း အကူအညီပေးမှာ မဟုတ်ပါဘူး။ အမေရိကန်လည်း ကူညီမှာ မဟုတ်ဘူး။ ဘယ်သူကမှ ကူညီမှာ မဟုတ်သော်လည်းပဲ ကျနော်တို့ကို အမှန်တကယ် အကူအညီပေးမယ့်သူရှိပါတယ်။ တရုတ်ပြည်ကို ဖန်ဆင်းထားသလို၊ အမေရိကန်တွေကို ဖန်ဆင်းထားသလို ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးကိုလည်း ဘုရားသခင်က ဖန်ဆင်းထားတာပါ။ ဒီအရာအကုန်လုံးကို ပိုင်သအုပ်စိုးတာ ဘုရားသခင်ပါပဲ။ ဒါ့ကြောင့်မို့လို့ ဘုရားသခင်ကို ကိုးစားခြင်းအားဖြင့် ကျနော်တို့ရဲ့ တရားမျှတတဲ့ စစ်၊ ရှောင်လွှဲလို့ မရတော့တဲ့ စစ်ကို ရင်ဆိုင်ကျော်လွှားကြပါစို့ ဆိုပြီး စစ်ဆင်ရေး စတင်ခွင့်ပြုတဲ့ အမိန့်ကို ဗဟိုကော်မတီရဲ့ သဘောတူဆုံးဖြတ်ချက်အရ ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာပြောခဲ့သလိုပဲ ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေအတွက် အလင်းတံခါးကို မဖွင့်နိုင်သမျှ ကျနော်တို့ ဒီစစ်ကို မရပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး၊ ဘုရားသခင်ရဲ့ခွန်အားကို ယုံကြည်ကိုးစားတဲ့စိတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီကနေ့အထိ ကျနော်တို့တပ်တွေနဲ့ ဗမာအစိုးရတပ်တွေ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးငယ်အရေအတွက်ဟာ ရာဂဏန်းရှိခဲ့ပါပြီ။ သို့သော်လည်းပဲ ဒီကနေ့အထိ ကျနော်တို့ ရဲဘော်တွေ ဗမာကျည်သင့်တယ်ဆိုတာ မရှိသလောက်ပါပဲ။ နောက်ပြီးတော့ ကျနော်တို့တပ်တွေ ရန်သူတက်မလာနိုင်အောင် လမ်းမကြီးတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ကျနော်တို့ လက်ဦးမှု ရယူလိုက်ပါတယ်။ အဲဒီအခါကြတော့ သူတို့တတွေ အရှက်ကွဲကြပြီ။ သူတို့ရဲ့တပ်တွေ အင်မတန် စွမ်းဆောင်နိုင်မယ်လို့ ထင်ခဲ့ကြတာပါ။ အမှန်အကယ်တော့ သူတို့တပ်တွေ ဘာမှ မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့တယ်။

“ ကိုးကန့်တုန်းကတော့ (၃)ရက်နဲ့ ရှင်းပစ်လိုက်တယ် … ဒီကချင်တွေကိုတော့ (၁၀)ရက် မကြာဘူး … သီတင်းတစ်ပါတ်ထဲနဲ့ ရှင်းပစ်လိုက်မယ်” ဆိုပြီး တရုတ်ဘေကျင်းကို နေပြည်တော်အဖွဲ့က သွားပြောကြတယ်။ တရုတ်ကလည်း ဒါကို ယုံတယ်။ ဒီအကြောင်းအရာတွေကို အခုရက်ပိုင်းကမှ တရုတ်တွေ ကျနော်တို့ကို ပြန်ပြောပြကြတယ်။ ကျနော်တို့ကို အင်မတန် အထင်အမြင်သေးခဲ့ကြတဲ့ အကြောင်း ပြန်ပြောပြကြတယ်။ ကြည့်ရတာ သူတို့ပြောတဲ့အတိုင်း ဖြစ်ခဲ့ပုံမပေါ်ဘူး။ ကျနော်တို့ကို အရမ်းအထင်သေးခဲ့ကြတယ်။ ကျနော်တို့ကို ဘယ်သူကမှ မကူသော်လည်းပဲ အမှန်တကယ် ကူညီတဲ့သူ ရှိတယ်။ ကျနော်တို့က ဖန်ဆင်းရှင် (Hpan Wa Ningsang, Chye Wa Ningchyang) ကို ရှေးပဝေသဏီကတည်းက ယုံကြည်ကိုးစားခဲ့သလို ဒီကနေ့မှာလည်း ဒီဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ကိုးစားဆည်းကပ်နေဆဲ ဖြစ်တယ်။ ဘုရားသခင်ကူညီရင် ကျနော်တို့ကို ဘာမှ မထိခိုက်နိုင်ပါဘူး။

ဒီလိုပဲ သူတို့တတွေ အရှက်တကွဲ၊ အကျိုးနည်းတွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ကို ကမ်းလှမ်းလာတယ်။ အပစ်အခတ် ရပ်ကြပါစို့ တဲ့။ ဗိုလ်မှူးကြီးသန်းအောင်ဆိုတဲ့ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဦးဆောင်ပြီး လာရောက်ဆွေးနွေးကမ်းလှမ်းလာခဲ့ကြပါတယ်။ “အပစ်ရပ်ကြပါစို့ .. ကျနော်တို့တတွေဟာ ညီရင်းအစ်ကို တွေပါပဲ .. အမြန်အပစ်ရပ်ကြပါစို့ … စာချုပ်တောင် မလိုပါဘူး …” တဲ့။ အင်မတန်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဟောင်းဆွေဟောင်းတွေလိုလို၊ မိခင်နို့တစ်ခုတည်း ပေါင်းစို့ခဲ့တဲ့ မွေးချင်းပေါက်ဖော်တွေလိုလို ပြောလာတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ဗိုလ်ချုပ်အေးကျော်၊ ဗိုလ်ချုပ်စောလွင်၊ ဗိုလ်ချုပ်ကျော်သိန်း စတဲ့ ဗိုလ်ချုပ်တွေမြောက်များစွာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကျနော်တို့ ကေအိုင်အိုဘက်ကလည်း ဥက္ကဌကြီးနဲ့ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်တွေဖြစ်ကြတဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာဆဘွဲဂျွမ်၊ ဦးခွန်မြတ်၊ ဒူဝါလ၀မ်တို့လို အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေ လက်မှတ်ရေးထိုး သက်သေပြုခဲ့ကြတယ်။ အဲဒီလို အခိုင်အမာပြုခဲ့တဲ့ စာချုပ်တောင်မှ နောက်ဆုံးမှာတော့ အလကားဖြစ်သွားပါတယ်။ သူတို့ကြိုက်သလို လုပ်ချင်သလိုပဲ လုပ်ခဲ့ကြတယ်။ ဒီလို အခိုင်အမာလုပ်ခဲ့တဲ့ ကိစ္စတောင် အရာမ၀င်ဖြစ်သွားခဲ့ရတာ၊ အခုလို ဗိုလ်မှူးကြီးအဆင့်လူပုဂ္ဂိုလ်တစ်ယောက် ဆွေးနွေးအဖြေရှာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်တော့ ခိုင်လုံတဲ့ ကတိက၀တ်၊ ခိုင်မာတဲ့ သက်သေနဲ့မှ လုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။ ကတိတည်ဖို့လိုသလို၊ သက်သေခိုင်မာစေဖို့ရန်အတွက် တရုတ်၊ ဒါမှမဟုတ် ကုလသမ္မဂကို အသိသက်သေလုပ်ပေးနိုင်စေဖို့ ကျနော်တို့ လိုလားပါတယ်။ အဲဒီအခါကြတော့ သက်သေလုပ်ဖို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို အဆိုပြုကြတယ်။ ဘယ်လိုလို့ ဒီလူတွေက သက်သေဖြစ်မှာလဲ။ ဗမာနဲ့ အပစ်အခတ်ရပ်စဲရေး ကတိက၀တ်ပြုမယ့် ကိစ္စမှာ ဗမာတွေကပဲ သက်သေပြန်လုပ်မယ်ဆိုတာ အဓိပ္ပါယ် လုံးဝမရှိပါဘူး။ တကယ်လို့သာ အခုလိုမျိုး သူတို့ဘက်က သဘောတူညီမှု ပြန်ချိုးဖောက်ခဲ့ရင်ဘယ်သူက သက်သေလုပ်ပေးမှာလဲ။ တဘက်ကလည်း ဗမာအစိုးရ၊ သက်သေကတည်း ဗမာကိုယ်စားလှယ်ဆိုတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုံးဝ အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ။ ကျနော်တို့ လုံးဝ ငြင်းပစ်လိုက်တယ်။

ကျနော်တို့ ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဆိုတဲ့ မဟာအမှားကြီးကို ပြုခဲ့မိလို့ လွန်ခဲ့တဲ့ (၁၇)နှစ်တာ ကာလပတ်လုံး နိုင်ငံရေးစကားပြောလို့ မရခဲ့ဘူး။ ဒါ့ကြောင့် ဒီတခေါက် ကျနော်တို့ကို သူတို့ဘက်က ကမ်းလှမ်းလာတဲ့အခါ ကျနော်တို့ဘယ်လို အကြောင်းပြန်လိုက်သလဲဆိုတော့

“(အပစ်အခတ်ရပ်စဲပြီးနောက်) စေ့စပ်ဆွေးနွေးမယ့် နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို သိချင်တယ် …”

ဒီနိုင်ငံရေးဆွေးနွေးမှု Road Map ကို ကျနော်တို့ သိချင်တယ်။ ဘယ်လို နိုင်ငံရေးဆွေးနွေးမှုတွေ ရှိလာမလဲဆိုတာ ကျနော်တို့ မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ ထင်မှတ်ထားတဲ့ အတိုင်းကွက်တိပါပဲ။ ဒီ ဗမာအစိုးရက ကျနော်တို့ကို နာဂစ်အခြေခံဥပဒေဘောင်အတွင်းကို ဆွဲသွင်းပစ်လိုက်မယ့် သဘောရှိပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ကျနော်တို့ ဘိုးဘွားတွေအစပြုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေချင်တာပါ။

နိုင်ငံရေးဆွေးနွေးမယ် ဆိုတာကိုလည်း အစပိုင်းက သူတို့တစ်တွေ လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပြောရင်းဆိုရင်းနဲ့မှ တဖြည်းဖြည်း လက်ခံလာကြတာပါ။

သူတို့နဲ့ ဆွေးနွေးပွဲတွေ အစပိုင်းမှာ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ ကြံ့ဖွံ့ပါတီကလည်းဖြစ်၊ မြစ်ကြီးနားနယ်ရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ (ဗိုလ်မှူးချုပ်)သိန်းဇော်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်၊ ကိုယ့်အမျိုးသားချင်း စစ်မက်ဖြစ်ပွားတာကို ခရီးကြုံတုန်း အခိုက်အတန့်မှာ ၀င်ကူညီစေ့စပ်ပေးချင်တယ် ဆိုပြီး ပြောလာတယ်။ ဒီလိုဆိုတော့ နေပြည်တော်က ခိုင်းလိုက်တာ မဟုတ်ပဲနဲ့တော့ ကျနော်တို့ ဘယ်လိုလက်ခံရမှာလဲ။ ပြည်နယ်အဆင့်ပုဂ္ဂိုလ်တွေ ဘာမှ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ကျနော်တို့နဲ့ အပစ်ရပ်စဲရေးဆွေးနွေးဖို့ သူ့ကို ဘယ်သူခိုင်းလိုက်သလဲ၊ နေပြည်တော်က စေခိုင်းလိုက်တာလားလို့ မေးတော့လဲ ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ တယ်လီဖုန်းနဲ့ ပြောပြီးပါပြီ လို့ ပြောတယ်။ သိန်းစိန်နဲ့ တယ်လီဖုန်းပြောပြီးပြီလို့ ပြောပေမယ့် သက်သေသာဓကမရှိပဲ ကျနော်တို့က ဘယ်လို လက်ခံရမှာလဲ။ ကျနော်တို့ ကေအိုင်အိုနဲ့ စေ့စပ်ဆွေးနွေးဖို့ ခန့်အပ်စေလွှတ်လိုက်ကြောင်း စာနဲ့ ပေနဲ့ မလုပ်ရင်တော့ ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ။ တရားဝင် ခိုင်လုံတဲ့ သက်သေအထောက်အထားပြပါ ဆိုတော့လဲ မပြနိုင်ဘူး။

အဲဒီနောက်မှာတော့ လဂျားယန်မှာ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့နဲ့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတယ်။ သူတို့ဘက်က ဘာပြောလာသလဲဆိုတော့ “ဇွန်လ (၁၈) ရက်မှ စတင်ကာ ကေအိုင်အေဘက်မှ စတင်ပစ်ခတ်ခြင်းမရှိလျှင် မိမိဘက်မှ ပစ်ခတ်ခြင်း မပြုရန် ညွှန်ကြားထားပြီးပါပြီ” လို့ ပြောလာတယ်။ ကောင်းပြီ။ အထောက်အထားပြပါ ဆိုတော့ မပြနိုင်ဘူး။ မပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဘယ်လို ယုံကြည်လို့ရမှာလဲ။ အပစ်အခတ်ရပ်ဖို့က နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူမှ ဖြစ်မှာကိုး။ သူတို့ရဲ့ အထောက်အထားကို မပြနိုင်ပဲနဲ့ ဘယ်လိုလုပ် ရှေ့ဆက်လို့ ရမှာလဲ။ မအူမလည်နဲ့ လာလှည့်ဖြားခဲ့ကြတယ်။ အပစ်ရပ်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် ကျေနပ်သဘောတူရုံသာမက အသိသက်သေတွေအနေနဲ့လည်း ခိုင်ခိုင်မာမာ ဖြစ်ဖို့လိုပါတယ်။ သူတို့ဘက်က ကလိန်ကကျစ်လုပ်ကြည့်တာ မဟန်ခါကျတော့ နိုင်ငံရေးဆွေးနွေးမှုတွေလည်း ရှိလာမှာပါလို့ ပြောလာပြန်တယ်။ အပစ်အခတ်အရင်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးကြတာပေါ့တဲ့။ ဖြစ်ပြန်ရော။ ဒီမှာ တစ်ခု သဘောပေါက်ဖို့လိုတာက သူတို့တတွေက အပစ်အခတ်ရပ်စဲထားတာကို ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျနော်တို့ အတွက်တော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ညီတူညီမျှဖြစ်မှုသည်သာလျှင် ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒီနိုင်ငံရေးအခွင့်အရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာလျှင် ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တတွေ ကြိုက်သလို ချယ်လှယ်စိုးမိုးနေပြီးတော့ ကျနော်တို့ကိုတော့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ထားမယ်ဆိုရင် ဘယ်လိုလုပ် တရားမျှတတော့မှာလဲ။ သေနတ်ကိုင်ထားပြီး ခေတ္တခဏ အပစ်ရပ်နေတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ Ceasefire နဲ့ Peace ဆိုတာ တခြားစီပါ။ ဒါကိုကျနော်တို့ ကောင်းကောင်းနားလည်ထားကြဖို့ လိုတယ်။ လွန်ခဲ့တဲ့အချိန်ကာလတွေတုန်းက ဒီစကားရပ်နှစ်ခုကြားမှာ ကျနော်တို့ လမ်းပျောက်ခဲ့ကြတာပါ။ Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲခြင်း နဲ့ Peace ဆိုတဲ့ ငြိမ်းချမ်းရေးဟာ တခြားစီပါ။ သူတို့တတွေက အပစ်ရပ်ပြီးတဲ့ နောက် ပစ်တာခတ်တာမရှိတော့ဘူးဆိုတော့ လမ်းတွေဖောက်ကာ သွားချင်သလိုသွား၊ လုပ်ချင်တာတွေ လုပ်ခွင့်ရသွားပြီ။ တရုတ်လုပ်ငန်းရှင်တွေ၊ အခြားနိုင်ငံခြားသားလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်အဆင့်က ချုပ်ဆိုထားတဲ့ စီပွားရေးသဘောတူစာချုပ်တွေ အကောင်အထည်ဖော်လို့ ရသွားပြီ။ တပ်မတော် မရောက်တဲ့နေရာ မရှိစေရဆိုပြီး နေရာတကာ လိုက်ရှုတ်ပြန်။ ကျနော်တို့မှာတော့ အကန့်အသတ်တွေနဲ့ ဘာမှ လုပ်လို့မရ၊ ကိုင်လို့မရ။ အဲဒါကိုပဲ သူတို့က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ဖွင့်ကြတယ်။ သေနတ်သံတွေလဲ မရှိတော့ဘူး၊ ပြည်သူလူထုတွေလည်း အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ဘေးမသီ ရန်မခ သွားလာနိုင်ကြပြီ ဆိုပြီးတော့ ငြိမ်းချမ်းနေပါပြီလို့ ပြောကြတယ်။ ယာယီအပစ်အခတ်ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ လိမ်လည်လှည့်ဖျား ပြောဆိုခဲ့ကြပါတယ်။

BGF အရေးတုန်းကလည်း ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ ဗိုလ်ချုပ်ရဲမြင့်က ဘာပြောသလဲဆိုတော့ “ငြိမ်းချမ်းရေးယူတယ်ဆိုတာ ယာယီလက်နက်ကိုင်ဆောင်ခွင့် ပြုထားတာဖြစ်တယ် … ထာဝရငြိမ်းချမ်းရေးယူမယ်ဆိုရင်တော့ လက်နက်အပြီးအပိုင် စွန့်ရမှာဖြစ်တယ် … သို့မဟုတ် နယ်ခြားစောင့်တပ် လက်ခံရမှာ ဖြစ်တယ် …” လို့ ပြောခဲ့ပါတယ်။ ကဲ ဒါသူတို့ရဲ့ ငြိမ်းချမ်းရေး အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်တယ်။ လက်နက်အပြီးအပိုင်စွန့်ခြင်းကို ထာဝရငြိမ်းချမ်းရေးလို့ ဖွင့်ဆိုနေကြတာ ဖြစ်တယ်။

အခုလည်းပဲ ဒီ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးလာပြန်ပြီ။ ဒါကို မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတချို့က သဘောမပေါက်ကြတဲ့အတွက် “အစိုးရကတော့ နိုင်ငံရေးဆွေးနွေးဖို့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ပြောနေပြီ … အစိုးရက သဘောထားကြီးစွာနဲ့ ကမ်းလှမ်းနေပြီ … ကေအိုင်အိုက ဘာဖြစ်နေတာလဲ …” ဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။ ကျနော်တို့ ကေအိုင်အို/ကေအိုင်အေကပဲ စစ်အရမ်း တိုက်ချင်နေသလိုလို၊ စဉ်းစားတွေးတောမှု မရှိပဲ သေနတ်ပဲ ဖောက်ချင်လွန်းလို့ ဖောက်နေသလိုလို ထင်မြင်ပြောဆိုလာကြပါတယ်။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ မိဘပြည်သူအချို့က နားလည်မှုလွှဲနေကြတာပါ။ အပစ်ရပ်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်နေကြတာပါ။ ထာဝရငြိမ်းချမ်းရေးဆိုတာဟာလဲ ကျနော်တို့ရဲ့ တပ်နဲ့လက်နက်တွေကို ပေးလိုက်ရမယ့် အပြီးအပိုင် လက်နက်စွန့်ခြင်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို ပြောနေကြတာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ်။ ဒီလိုကိစ္စမျိုး ကျနော်တို့က လုပ်စရာလား။ ဒါဟာ သက်သက် စော်ကားတာပဲ။

“ဗမာပါးစပ်က ထွက်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ခင်ဗျားတို့၊ ကျနော်တို့ လွယ်ထားတဲ့ သေနတ်ကို အပ်ပစ်လိုက်ခြင်း ဖြစ်တယ်ဆိုတာ နားလည်ထားကြပါ …

နည်းလည်ကြရဲ့လား …”

““နားလည်ပါတယ် ……………………….””

လွန်ခဲ့တဲ့(၁၇)နှစ်တာကာလ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဟာ ကျနော်တို့ အတွက် ဘာဆိုဘာမှ အကျိုးမရှိတဲ့ ကိစ္စဖြစ်တယ်။ သူတို့တတွေကပဲ မှန်တယ်၊ သူတို့တတွေကပဲ ကောင်းတယ်ဆိုတဲ့ အချိုးနဲ့ ကျနော်တို့ကိုတော့ အဘက်ဘက်က ချုပ်ချယ်တယ်။ နိုင်ငံရေးဆွေးနွေးစကားပြောဖို့လည်း မလုပ်ဘူး။ ပြောခဲ့တဲ့အတိုင်း BGF ကိစ္စကျော်လွန်သွားတဲ့နောက်တော့ လက်နက်ချပါလို့ ပြောလာတယ်။ ကျနော်တို့ဘက်က မချနိုင်ဘူးဆိုတော့ သောင်းကျန်းသူလို့ ပြန်သတ်မှတ်လိုက်ကြတယ်။ ဒီလို သောင်းကျန်းသူလို့ ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်း ကျနော်တို့ကို တိုက်ဖို့ပဲရှိတော့တာပေါ့။ အဲဒီနောက်တော့ ကျနော်တို့ကို နည်းလမ်းအမျိုးမျိုးနဲ့ ရန်စသလို၊ ပြဿနာရှာသလို ကိစ္စတွေ လုပ်လာတယ်။ တပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ကျနော်တို့ကို ရန်စလာကြတယ်။ တပ်ရင်း(၅) နယ်မြေဘက်မှာ ဘာဖြစ်လာသလဲဆိုတော့ ဆင်ဘို-ကျောက်ကြီး မဟာဗျူဟာလမ်းဖောက်ဖို့ ပြောလာတယ်။ ခရိုင်ချင်းဆက်လမ်းဖောက်မယ်လို့ ပြောလာတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ခရိုင်ချင်းပဲ ဆက်ဆက်၊ ဘာပဲ ဆက်ဆက် ကျုပ်တို့နဲ့ မဆိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်လာမယ့်ကိစ္စ။ ကျနော်တို့ကို သောင်းကျန်းသူလို့ သမုတ်လိုက်ပြီးနောက်ပိုင်း ပြောလာတဲ့ကိစ္စပါ။ အရင်လိုပဲ ထပ်ခါထပ်ခါ ပြောလာကြတယ်။ သေနတ်ဖောက်လို့ရတဲ့ အချိန်လဲမဟုတ်တဲ့အခါကြတော့ ကောင်းပြီဆိုပြီး သူတို့တပ်တွေကို ၀င်ခွင့်ပေးလိုက်တယ်။ သူတို့တခြားဘာမှ မလုပ်ပါဘူး၊ လမ်းပဲ ဖောက်မှာပါ၊ လမ်းဖောက်ပြီးတာနဲ့ အကုန်ပြန်ဆုတ်ခွာပါ့မယ်လို့ ပြောခဲ့ကြတယ်။ လိမ်ကြလိမ့်မယ်ဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ သူတို့ကို ကျနော်တို့ နယ်မြေထဲ ၀င်ရောက်ခွင့်ပေးလိုက်တယ်။ လမ်းဖောက်ခွင့် ပေးလိုက်တယ်။ လမ်းတော့မဖောက်ဘူး။ သူတို့တပ်တွေ ၀င်ရောက်နေရာယူ တပ်စွဲလာကြတယ်။ စစ်ဆင်ရေးဗျူဟာက G1 ကိုတောင် “ခင်ဗျားတို့ လုပ်နေတာတွေက ခလေးဗျူဟာတွေပဲ” လို့ ကျနော် ပြောလိုက်သေးတယ်။ တပ်ရင်း(၅)ဌာနချုပ်နဲ့ ကပ်ရပ်မှာ ဗမာတပ်ဖွဲ့တစ်ဖွဲ့ တပ်ဝင်စွဲတယ်။ ဆင်ဘိုဘက်က ဘန်ဒန်စခန်းနားမှာလဲ သူတို့တပ်တစ်တပ် ကပ်ရပ်နေရာလာယူတယ်။ နောင်းဂန်ဘက်က ရှေ့တန်းစခန်းတစ်ခုနားမှာလဲ ဗမာတပ်တစ်တပ် အထက်အောက် လာပူးထားတယ်။ ကျနော်တို့ ကချင်တွေလည်း တိုက်ပွဲများစွာ တိုက်လာခဲ့ကြတဲ့ သူတွေပါ။ သူတို့ဘာလုပ်လိမ့်မလဲဆိုတာ ကောင်းကောင်းသိပြီးသားပါ။ အဲဒါကြောင့် “ခင်ဗျားတို့ ဒီလို မလုပ်နဲ့ …”လို့ ကျနော်တို့ သတိပေးတယ်။ မဟုတ်ပါဘူးတဲ့။ လမ်းပဲဖောက်မှာပါလို့ ပြန်ပြောတယ်။ လမ်းဖောက်ဖို့ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိနေတာပဲ။ ဒီကိစ္စမှာလဲ တော်တော့ကို အငြင်းအခုံ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ သတိပေးလိုက်တယ်။ “ခင်ဗျားတို့ မေလ(၂၅)ရက် နောက်ဆုံး မဆုတ်ခွာပေးဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာတွေအကုန်လုံး ခင်ဗျားတို့တာဝန် ဖြစ်လိမ့်မယ်”လို့ သတိပေးလိုက်တယ်။ ဖြစ်လာမယ့် ကိစ္စတွေအတွက် အဘက်ဘက်မှ ကျနော်တို့ စဉ်းစားထားပြီး ဖြစ်တယ်။ အဲဒီလိုပဲ နယ်မြေဒေသအသီးသီးမှာ သူတို့နဲ့ ဆက်ဆံရေးအခြေအနေတွေ မကောင်းတော့ဘူး။ ကျနော်တို့ကိုလည်း အမျိုးမျိုး ရန်စလာတယ်။ တပ်ရင်း(၁၁)ဘက်မှာလည်း ရန်ရှာသလိုကိစ္စတွေ ဖြစ်လာတယ်။ တပ်မဟာ(၁)နယ်မြေဘက်မှာလည်း တရုတ်ရဲ့ လျှပ်စစ်စက်ရုံစီမံကိန်း လုံခြုံရေး အကြောင်းပြကာ ဗမာတပ်အင်အားအလုံးအရင်းဝင်ရောက်ပြီး ပြဿနာရှာလာတယ်။ တပ်ရင်း(၁၀)ဘက်မှာလည်း ဒီလိုကိစ္စတွေ ရှိလာတယ်။ တပ်မဟာ(၃)၊ ရင်း(၂၇)ဘက်မှာလည်း ပြဿနာတွေရှိလာတယ်။ ဒီလိုနဲ့ပဲ ဖြစ်ဖို့အကြောင်းဖန်ပြီး စတင်ဖြစ်ပွားတာကတော့ တရုတ်ကုမ္ပဏီ လျှပ်စစ်ထုတ်ရောင်းစားနေတဲ့ Tahkaw Krung (တာပိန်) ဘက်မှာ စဖြစ်တာပါ။ ဒီကိစ္စ နည်းနည်း ပြောပြချင်တယ်။ ဒီဒေသမှာရှိတဲ့ Sang Gang ရဲ့ အောက်ပိုင်းက သူတို့နယ်မြေပါ။ Sang Gang ရဲ့ အပေါ်ပိုင်း၊မိုင်(၂၀)၀န်းကျင်ကစပြီး ကျနော်တို့ နယ်မြေပါ။

“ဒီရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ဆိုပြီး လုံခြုံရေးအကြောင်းပြကာ ဗမာတပ်တွေ ကျနော်တို့ နယ်နိမိတ်ထဲ ၀င်ရောက်တပ်စွဲခဲ့ကြတယ် … နှစ်နှစ်၊သုံးနှစ်လောက် စက်ရုံဆောက်ကြတယ် … ကျနော်တို့ ပြဿနာမရှာခဲ့ဘူး … ကျနော်တို့က ပြဿနာအရင်းအမြစ်မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ သိန်းစိန် ဖွင့်ပွဲလာလုပ်တယ် … စစ်ယူနီဖောင်းဝတ် ၀န်ကြီးချုပ်အနေနဲ့ လာဖွင့်တယ် … ရဟတ်ယာဉ်နဲ့ လာဆင်းကြတယ် … ဒီစက်ရုံလည်ပတ်ပြီး လျှပ်စစ်မီးရောင်းစားကြတာပဲ … ကျနော်တို့ ဘာပြဿနာမှ မရှာခဲ့ဘူး … ဒါပေမယ့် အချိန်တန်လာတဲ့အခါကျတော့ ဗျူဟာမှူးကိုယ်တိုင်ပါဝင်တဲ့ စစ်ကြောင်း အဲဒီစက်ရုံနားမှာရှိတဲ့ တပ်ရင်း(၁၅)ရဲ့ Bum Sen စခန်းဘက်ကို တက်လာတယ် … အဲဒီမတိုင်ခင် ဇွန်လ(၉)ရက် မနက်ပိုင်းမှာ Sang Gang ဆက်ဆံရေးကို ၀င်ရောက်စီးနှင်းပြီး ဒုတပ်ကြပ် ချန်းယိန်းကို ဖမ်းခဲ့ကြတယ် .. အဲဒီနောက်မှာတော့ Bum Sen စခန်းကို စတင်ထိုးစစ်ဆင် ပစ်ခတ်ကြပါတော့တယ်… သူတို့ဘက်က စပစ်လို့ ကျနော်တို့ရဲဘော်တွေ ပြန်လည်ပစ်ခတ်ရာမှ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် … ဒီရေအားလျှပ်စစ်စက်ရုံ မရှိခင်ကတည်းက ဒီနယ်မှာ ကျနော်တို့ရှိတယ် … စက်ရုံဆောက်ပြီးသွားတော့လည်း ကျနော်တို့ ဆက်ရှိနေတယ် … သူတို့ စက်ရုံဆောက်နေစဉ် နှစ်နှစ်သုံးနှစ်အတွင်းမှာလည်း ကျနော်တို့ ပြဿနာရှာခဲ့တာ မဟုတ်ဘူး … စက်ရုံဆောက်ပြီးသွားလို့ ဖွင့်ပွဲလုပ်တော့လည်း ပြဿနာမရှာခဲ့ဘူး … သိန်းစိန် ကိုယ်တိုင် လာရောက်ခဲ့တယ်… သူစီးလာတဲ့ ရဟတ်ယာဉ်ပစ်ချမယ်ဆိုရင် ကျနော်တို့ ပစ်ချလိုက်လို့ ရတာပဲ … သိန်းစိန်ကို ကျနော်တို့ ပစ်ချခဲ့လို့လား … ဒီရေအားလျှပ်စစ်စက်ရုံ လည်ပတ်ပြီး ကနေ့ ပိုက်ဆံရှာစားနေကြတာပဲ …”

ဒါပေမယ့် စိတ်ထားမဖြောင့်တဲ့ ဒီလူတွေက ရေအားလျှပ်စစ်စက်ရုံလုံခြုံရေးဆိုပြီး လိမ်လည်အကြောင်းပြကာ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်ကာ စတင်လိုက်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်ဟာ သူတို့တတွေပါပဲ။ ကျနော်တို့ သုံးလေးရက်တောင် သည်းခံခဲ့ကြပါသေးတယ်။ တရုတ်ရှေ့မှာ မျက်နှာရဖို့ ကိုးကန့်ကို ချေမှုန်းခဲ့သလို ချေမှုန်းပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဗျူဟာမှူးကိုယ်တိုင်ဦဆောင်တဲ့ တပ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ တပ်ရင်း(၁၅)ရဲ့ Bum Sen စခန်းကို အလွယ်တကူသိမ်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ အင်အားအလုံးအရင်းနဲ့ ကျနော်တို့ကို စော်ကားပြခြင်းအားဖြင့် တရုတ်ရှေ့မှာ မျက်နှာရလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒီ ရင်း(၁၅)က မျိုးချစ်စစ်သည်တွေကို ကျနော်တို့ ဂုဏ်ပြုရမယ်။ စံနမူနာထားရမယ်။ အဲဒီစခန်းမှာ စစ်သည် ခြောက်ယောက်၊ ခုနှစ်ယောက်ပဲရှိတာ။ မလျှော့သောဇွဲသတ္တိနဲ့၊ မယိမ်းယိုင်သော စိတ်ဓါတ်နဲ့ ခုခံခဲ့ကြတယ်။ တွန်းလှန်ခဲ့ကြတယ်။ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်တဲ့ စစ်ကြောင်းမှာ လက်နက်ကြီးမပါပဲတော့ ဘယ်နေလိမ့်မတုန်း။ စဉ်းစားကြည့်ကြပါ။ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်သော်လည်းပဲ ကြံ့ကြံ့ခံ ခုခံခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့နဲ့ သုံးလေးရက်လောက် ခုခံခဲ့ကြတယ်။ နောက်ဆုံး အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ်ဆိုပေမယ့် အဝေးကြီးကို ဆုတ်ပေးခဲ့တာမဟုတ်ပါဘူး။ လှမ်းပစ်လို့ရတဲ့ အကွာအဝေးလောက်ကိုပဲ ဆုတ်ခဲ့ရတာပါ။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ လွတ်လပ်ရေးရဲဘော်ပီသခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ဂုဏ်ကိုလည်း ဆောင်ခဲ့ကြပါပြီ။

Operation Padang Hkrunlam - Part IV

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါသည်။]

By:http://www.facebook.com/note.php?note_id=2695294266438

Read more »

Operation padang hkrun lam-part ( IV )

ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရကိုရမှ ဖြစ်မှာပါ။ ဒီကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်မှ မသတ်မှတ်ပေးနိုင်ဘူးဆိုရင်တော့ ဘာ့ကြောင့် ပြည်ထောင်စုမှာ ဆက်ပါဝင်ရမှာလဲ။ ပြည်ထောင်စုမှာ မပါဝင်လဲ ကျနော်တို့ တရားဝင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမှ ပြည်ထောင်စုမလုပ်ချင်တာကိုး။ စစ်မှန်တဲ့ပြည်ထောင်စု မတည်ထောင်ချင်ဘူးဆိုရင်တော့ ကျနော်တို့လည်း ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားတဲ့ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မတိုင်ခင် အခြေအနေအတိုင်း ပြန်နေဖို့ပဲ ရှိတော့တာပေါ့။ ဒီကိစ္စဟာ ရှင်းနေတာပဲ။ "
- Major General Gunhtang Gam Shawng, Chief Of Staff (K.I.A.)
By: http://www.facebook.com/note.php?note_id=2849582923558

ကျနော်တို့ အပစ်အခတ်ခဲ့ကြတာဟာ နိုင်ငံရေးစကားဝိုင်းကို သွားဖို့ပါ။ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိဘူးဆိုရင်တော့ အပစ်ရပ်လို့လဲ ဘာအကျိုးရှိမှာလဲ။ ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို နိုင်ငံရေးနည်းအားဖြင့် ဆွေးနွေးအဖြေရှာဖို့ ဖြစ်တယ်။ လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြင့်မဟုတ်ပဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ အပစ်ရပ်ခဲ့ခြင်းဖြစ်တယ်။ အပစ်ရပ်ခြင်းအားဖြင့် အစစအရာရာ ရပ်တန့်သွားဖို့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၁၇)နှစ်အတွင်းမှာ ဒီလို ဖြစ်သွားတယ်။ ဒါကို နားလည်ထားဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ (၁၇)နှစ်မှာ ကျနော်တို့ဟာ အပစ်ရပ်ရာမှ အားလုံးရပ်တန့်သွားတဲ့ နိုင်ငံရေးလမ်းစဉ် ဖြစ်သွားတယ်။ ဘာဆိုဘာမှ လုပ်လို့ကိုင်လို့ မရဘူး။ နိုင်ငံရေးဆွေးနွေးပြောဆိုခွင့်လဲ မရခဲ့ဘူး။

ဒီအပစ်ရပ်ထားတာကိုပဲ ငြိမ်းချမ်းရေးလို့ ပြောဆိုသုံးနှုန်းနေကြခြင်း ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးဆိုတဲ့ ကာလအတောအတွင်းမှာ လက်နက်ကိုင်ဆောင်ခွင့်ပြုထားတာကိုက အင်မတန်မွန်မြတ်ကြီးမားတဲ့ နိုင်ငံတော်ရဲ့ စေတနာ ဆိုပဲ။ ‘အခြေခံဥပဒေကို အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေကျင်းပတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းရတော့မှာ ဖြစ်တဲ့အတွက် လက်နက်တကားကားနဲ့တော့ ဘယ်ဖြစ်တော့မလဲ’ တဲ့။ ကျနော်တို့ကို ဒီလို ပြောခဲ့ကြတယ်။ ဒါကြောင့်ပဲ ‘BGF လက်ခံပါ၊ အသွင်ပြောင်းပါ၊ ထာဝရငြိမ်းချမ်ရေးယူလိုက်ကြပါ’ ဆိုပြီး ဖိအားပေးခဲ့ကြတယ်။ သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာက လက်နက်အပြီးအပိုင်စွန့်ခြင်း ဖြစ်နေတယ်။ ဘယ်သူက ဒီလိုအလုပ်မျိုးလုပ်မှာလဲ။ ကချင်တပ်မတော်ကို ဖျက်ဆီးပစ်လိုက်မယ့်ကိစ္စ ဘယ်သူကမှ စိတ်တောင်ကူးဖူးကြမှာ မဟုတ်ဘူး။ အင်မတန်ကို ဒေါသ ထွက်ခဲ့ကြရပါတယ်။

အဲဒီတော့ ကျနော်တို့ဘက်က ပြန်မေးလိုက်တယ်။

“ကေအိုင်အို/ကေအိုင်အေကို ဘယ်လိုမြင်ပါသလဲ … သောင်းကျန်းသူလား … အကြမ်းဖက်သမားလား … နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ အဖွဲ့အစည်းလား … ကဲ .. ဖြေကြပါ …”

သူတို့ အဖြေ မပေးရဲခဲ့ကြပါဘူး။

“ဒါပေမယ့် ကျနော်တို့ အဖြေကို သိပါပြီ … ကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ကို သောင်းကျန်းသူလို့ ပြောသွားပါတယ် … အကြမ်းဖက်လုပ်ရပ်တွေကို လုပ်တဲ့ သောင်းကျန်းသူလို့ ပြောသွားပါတယ် …”

အဲဒီတော့ ပြည်နယ်တစ်ပြည်နယ်ပိုင်ဆိုင်တဲ့ လူမျိုးတစ်မျိုး ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးဖို့ မစဉ်းစားတဲ့ သဘောပါပဲ။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုခြင်း မရှိတဲ့ သဘောပါပဲ။ ပင်လုံဆိုတာ ပြောကို မပြောချင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒီမေးခွန်းအပါအ၀င် မေးခွန်း(၆)ခုကို ကျနော်တို့ မေးခဲ့ပါတယ်။ ကေအိုင်အို/ကေအိုင်အေကို ဘယ်လိုမြင်သလဲဆိုတော့ သောင်းကျန်းသူ၊ အဖျက်မမှောက်လုပ်ရပ်တွေလုပ်တဲ့ အကြမ်းဖက်သမားလို့ သဘောထားကြတယ်။ အဲဒီတော့ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် သဘောမထားဘူးဆိုရင်တော့ ကျနော်တို့ဘက်ကလဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ မရှိပါဘူး။

ဒုတိယမေးခွန်းအနေနဲ့

“ခင်ဗျားတို့ပြောတဲ့ နိုင်ငံရေးဆိုတာ ဘာလဲ … နိုင်ငံရေးနည်းလမ်းနဲ့ ပြောမယ်ဆိုတော့ ဘယ်လိုဘယ်ပုံမျိုး (ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်အဆင့်ဆင့် - Road Map) နဲ့ သွားမှာလဲ …” လို့ ကျနော်တို့ မေးတယ်။

ဒါကိုလည်း မဖြေနိုင်ကြပါဘူး။

“သို့သော်လည်း ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖြေထွက်ပါပြီ … သူဘယ်လိုပြောသလဲဆိုတော့ ‘ကျနော်တို့ဟာ ပြည်သူလူထုကအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဘောင်အတွင်းမှာ လုပ်ကိုင်ရမှာ ဖြစ်တယ်၊ ဒီဥပဒေနဲ့ အညီလုပ်သွားရမှာ ဖြစ်တယ်’ ဆိုပဲ … ၂၀၀၈ အခြေခံ ဥပဒေဘောင်ဆိုတာက အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ပါဝင်ရေး ဆိုပြီး တမတ်သား အမတ်တွေလည်းဝင်ထိုင်၊ ဘောင်းဘီချွတ်တွေလည်း ၀င်ထိုင်၊ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီဝင်တွေလည်း ၀င်ထိုင်တဲ့ ပါလီမန်ပဲ … ကျနော်တို့ ဘယ်တော့မှ ဘာမှ လုပ်ကိုင်လို့ရ၊ ပြောဆိုလို့ရမယ့် ကိစ္စမဟုတ်ဘူး … တစ်ပါတီ စစ်အာဏာရှင်စနစ်ပါပဲ … သိန်းစိန်က အရင်ဗိုလ်ချုပ်သိန်းစိန်လေ … အရပ်ဝတ်လဲပြီး သူ့နဂိုနေရာ ပြန်ဝင်ထိုင်တဲ့ကိစ္စ ဘယ်လိုလုပ် အရပ်သားအစိုးရ ဖြစ်လာမှာလဲ … ခလေးတောင် သိတဲ့ကိစ္စပဲ … ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စပဲ … ဒီလွှတ်တော်ကနေသွားတော့လည်း ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး … ကျနော်တို့က စစ်မှန်တဲ့ပြည်ထောင်စုရဲ့ အခြေခံဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓါတ်ကို အခြေပြုတဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားချင်တာပါ … ဒီတော့မှ စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ ပေါ်ပေါက်လာမှာပါ … စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်လာမှသာလျှင် ပြည်နယ်တစ်ခုချင်းမှာလည်း စစ်မှန်တဲ့၊ ရသင့်ရထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ ရရှိလာမှာ ဖြစ်တယ် … ပြည်ထောင်စုအတွင်းက ပြည်နယ်တွေ ဖြစ်လာမှာ ဖြစ်တယ် … ဒီတော့မှ ကျနော်တို့မှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရလာမှာ ဖြစ်တယ် … ပြည်ထောင်စုအဆင့်က ပုဂ္ဂိုလ်တွေ၊ ဗဟိုအဆင့်ကလူတွေက မဟုတ်တဲ့အခါကြတော့ ကျနော်တို့ ဘယ်လိုရှေ့ဆက်ကြမှာလဲ … ”

နောက်မေးခွန်းတစ်ခု အနေနဲ့

“အပစ်အခတ်ရပ်စဲရေးကို ခင်ဗျားတို့ ဘယ်လို အနက်ဖွင့်သလဲ” လို့ ကျနော်တို့ မေးတယ်။

ဒါလည်း ပွင့်ပွင့်လင်းလင်း မဖြေကြဘူး။

“ထာဝရငြိမ်းချမ်းရေးဆိုပြီးတော့လည်း ခင်ဗျားတို့ပြောတယ် ... ဒီထာဝရငြိမ်းချမ်းရေးရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲ” လို့ ကျနော်တို့ ထပ်မေးတယ်။

မဖြေနိုင်ကြဘူး။

ဒီအကြောင်းအရာတွေကို အားလုံး နားလည်သိရှိနိုင်ဖို့ရန်အတွက် လိုင်ဇာရုပ်မြင်သံကြား (Laiza TV) မှလည်း ထုတ်လွှင့်ခဲ့ပါတယ်။ အခုနောက်ဆုံး သူတို့ဘက်က ပြန်ကြားလာတဲ့ စာထဲမှာ ဘာပြောထားသလဲ ဆိုတော့

“ကေအိုင်အို/ကေအိုင်အေ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆန္ဒ ရှိမရှိ ဆိုတာ အကြောင်းပြန်ပေးပါ …” လို့ ပြောလာပါတယ်။ ဒါကတော့ ဒီကနေ့အထိ နောက်ဆုံးရရှိတဲ့ အကြောင်းပြန်ကြားချက် ဖြစ်ပါတယ်။

ဒီလူတွေဟာ ကျနော်တို့အပေါ် မတရား ကလိန်ကျမှုတွေလည်း လုပ်နေကြပါတယ်။ တပ်ရင်း(၅)ဘက်မှာ ဆေးလိပ်တောင် မသောက်တတ်တဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးအရာရှိ (Liaison Officer) ကိုလည်း ဘိန်းပစ်ပြီး မတရားဖမ်းဆီးခဲ့ပါတယ်။ ဘိန်းမှု ဇာတ်လမ်းဆင်ကာ လက်ပူးလက်ကြပ်မိပြီ ဆိုပြီး မတရား အပြစ်ရှာ ဖမ်းဆီးခဲ့ကြတာပါ။ နယ်မြေဒေသအသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံး (Liaison Office) တွေကိုလည်း အတင်းအကျပ် ပိတ်သိမ်းခိုင်းခဲ့ပါတယ်။ ဖြတ်လေးဖြတ်တွေ လုပ်ခဲ့တယ်။ ကျနော်တို့ရဲ အမှုထမ်းတွေကိုလည်း အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးထောင်ချကြတယ်။ ယုတ်စွအဆုံး လူတိုင်းစီးတဲ့ Without ဆိုင်ကယ်၊ ကျနော်တို့ ကချင်လွတ်လပ်ရေးအစိုးရ၀န်ထမ်း စီးရင်တော့ အရေးယူ ဖမ်းဆီးခံရတယ်။ ဒီလို ဖမ်းဆီးခံရတဲ့ ကျနော်တို့ ၀န်ထမ်းတွေလည်း အများအပြားပါပဲ။

မြို့ပြတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူအချို့က အမြင်လွှဲမှား လာကြတယ်။ အပစ်အခတ် အရင်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့၊ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ကြဖို့ ပြောလာကြတယ်။ ဗမာအစိုးရပြောတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း ဆွဲသွင်းလိုက်ခြင်းသာ ဖြစ်တယ်။ ဒီဥပဒေကို ဘယ်သူကမှ လက်မခံပါဘူ။ သူတို့ ဗမာအချင်းချင်းတောင် လက်ခံတာ မဟုတ်ဘူး။ အောင်ဆန်းစုကြည်တို့ အဖွဲ့လည်း လက်မခံဘူး။ ကျနော်တို့ချည်းပဲ လက်မခံတာ မဟုတ်ဘူး။ သိန်းစိန်ရဲ့ မိန့်ခွန်းမှာ ‘၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်တွင်းနိုင်ငံရေး အစုအဖွဲ့များ’ လို့ သုံးနှုန်းသွားပါတယ်။ ဒီဥပဒေကို လက်မခံလို့မရ လက်ခံလာအောင် ဖျားယောင်းသွေးဆောင် စည်းရုံးမယ့် သဘောရှိပါတယ်။ နွားရိုင်းကို ကျုံးလှောင်ချိုင့်ထဲကို မ၀င်, ၀င်အောင် ကျုံးသွင်းပြီး ၀င်ပြီ ဆိုတာနဲ့ ကျုံးတံခါး ပိတ်ပစ်လိုက်မယ့် သဘောပါပဲ။ ဒါကို ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရပါဘူး။

ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၂ - ၁၃)ရက်တွေမှာ တိုင်းပြည်နဲ့လူမျိုး အကျိုးကို ဆုံးဖြတ်အဖြေပေးနိုင်မယ့် တတိုင်းပြည်လုံးမှ၊ အနယ်နယ်အရပ်ရပ်မှ လူကြီးတွေ၊ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နှီးနှောဖလှယ်တဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးမှ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထုတ်ဖော်ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးရာဌာနခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ နယ်မြေဒေသအသီးသီးမှ အတွေ့အကြုံရင့်ကျက်တဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ အကြံပြု ဆွေးနွေးခဲ့ကြရာမှာ -

“လွန်ခဲ့တဲ့ အချိန်ကာလတွေတုန်းက ဗမာအစိုးရ လိမ်လည်လှည့်ဖျားခဲ့တဲ့ အဖြစ်မျိုး ထပ်အဖြစ်မခံဖို့၊ အပစ်အခတ်ရပ်စဲပြီး ရှေ့ဆက်လို့လည်းမရ နောက်ပြန်ဆုတ်လို့လည်း မဖြစ်တဲ့

အခြေအနေမျိုး ထပ်အဖြစ်မခံဖို့၊

ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး နောက်တစ်ကြိမ်ထပ် အလိမ်မခံရဖို့၊

ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ အင်မတန် သတိရှိကြဖို့၊

ဒီတခေါက်တော့ တစ်ဘက်ကနေ တိုက်လည်းတိုက်

နောက်တစ်ဘက်ကနေလည်း နိုင်ငံရေးဆွေးနွေးရန် ဖိအားပေးခြင်းဖြင့် ရှေ့ဆက်သွားဖို့

အကြံပြုခဲ့ကြပါတယ် …”

ဒီကနေ့ ကျနော်တို့ ကျင့်သုံးနေတဲ့ မူဝါဒအနေနဲ့ အမှန်တကယ် နိုင်ငံရေးဆွေးနွေးမယ်ဆိုရင်တော့ ဖယ်ဒရယ်ကောင်စီအနေနဲ့ပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ၊ အခြား နိုင်ငံရေးအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council)အနေနဲ့သာ နိုင်ငံရေး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အထိ ကျနော်တို့ ကေအိုင်အိုဗဟိုအနေနဲ့ ချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒလမ်းစဉ် ဖြစ်ကြောင်း ဖော်ပြလိုပါတယ်။ ရှေ့တန်းစခန်းအသီးသီးမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူလူထုအခြေပြု အရပ်ဘက်ပြည်သူ့စစ်အဖွဲ့ (Mung Shawa Hpyen Hpung) မှ အရပ်သားကာကွယ်ရေးဝန်ထမ်းတွေ၊ သီးသန့်ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့အသီးသီးမှ စစ်သည်တွေ၊ နည်းလမ်းအမျိုးမျိုးနဲ့ လွတ်လပ်ရေးအစိုးရရဲ့ ၀န်ထမ်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျရာတာဝန်တွေကို ထမ်းရွက်နေကြတဲ့ တိုင်းသူပြည်သားတွေ အားလုံးကို ဒီအကြောင်းအရာတွေ လက်ဆင့်ကမ်း ပြောကြားကြဖို့ လိုပါတယ်။ ဗဟိုအနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ဦးဆောင် လျှောက်လှမ်းနေသလဲ ဆိုတာကို အားလုံး သိအောင် အချင်းချင်း လက်ဆင့်ကမ်း ပြောပြကြပါလို့ တိုက်တွန်းလိုပါတယ်။ ဗမာ(အစိုးရ)က ဘယ်လို ကလိန်ဆင် လိမ်လည်နေသလဲ၊ ဒါကို ဗဟိုအနေနဲ့ ဘယ်လိုဘယ်ပုံ ရင်ဆိုင်ကျော်လွှားနေခဲ့တယ် စသဖြင့် ရှင်းလင်းပြောပြကြပါ။ ကျနော်တို့ တိုင်းပြည်ဒေသမှာ ကေအိုင်အိုအနေနဲ့ လုပ်ငန်းဆောင်ရွက်နေသလို၊ တစ်ဘက်မှာ UNFC ဖယ်ဒရယ်ကောင်စီ မှတဆင့်လည်း နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့ အကြောင်းကို နားလည် သဘောပေါက်စေလိုပါတယ်။ ဒီမူဝါဒအတိုင်း ရှေ့ဆက် လျှောက်လှမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၁၇)နှစ်မှ ခါးသီးတဲ့ အတွေ့အကြုံကို သင်ခန်းစာယူကာ ရှေ့ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ခိုင်မာတဲ့ အသိသက်သေ၊ ခိုင်မြဲမယ့် ကတိက၀တ်မရရှိဘူးဆိုရင်တော့ ကျနော်တို့ ဗဟိုအနေနဲ့ ဘယ်လိုမှ ရှေ့ဆက်မှာ မဟုတ်ပါဘူး။ ဘယ်လိုအမှားမျိုးကိုမှ ထပ်အဖြစ်မခံတော့ပါဘူး။ တိုင်းသူပြည်သားတွေကို ကျနော်တို့က ဦးဆောင်ပြီး suicide လုပ်နေသလို အဖြစ်မျိုး လုံးဝ ထပ်အဖြစ်မခံပါဘူး။ လုံးဝ ထပ်မမှားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ကျနော်တို့ ဗဟိုရဲ့ ဦးဆောင်မှု ထပ်မှားသွားမှာကို အရမ်းစိုးရိမ်ကြတယ်။

“ဗဟိုကော်မတီဝင်တွေ သတိထားကြပါ … ဒီဗမာ(အစိုးရ)တွေ နောက်တခါ အပျော့ဆွဲတာ ခံရမယ် သတိထားကြပါ …” ဆိုပြီး သတိပေးကြပါတယ်။ ကာသိုလစ် ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတော်ကြီးတွေက အစ “သေချာ သတိထားကြပါ … ထပ်မမှားကြပါနဲ့ … ဗမာ(အစိုးရ) အလိုကျ စိတ်ပျော့မသွားကြပါနဲ့ …” ဆိုပြီး ကျနော်တို့ကို လေးလေးနက်နက် သတိပေးကြပါတယ်။ ကျနော်တို့ကို ထပ်မမှားစေလိုတဲ့ စေတနာမေတ္တာနဲ့ သတိပေးကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်နေသော်လည်းပဲ သူတို့လည်း မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်နဲ့ သတိပေးပြောကြားကြခြင်း ဖြစ်ပါတယ်။ အလေးအနက်ကို သတိပေးကြတယ်။ ဒေသအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်ကြီးတွေလည်း ဒီလိုပဲ သတိပေးကြတယ်။ နိုင်ငံရပ်ခြားတိုင်းပြည် (၂၂)ခုမှာ ရောက်ရှိနေကြတဲ့ ကချင်အမျိုးသားတွေမှလည်း သတိပေးတယ်။ အတိုင်းတိုင်းအပြည်ပြည် အနယ်နယ်အရပ်ရပ်မှ ကချင်မျိုးနွယ်ဝင်တွေ ကျနော်တို့ကို အင်မတန် သတိရှိကြဖို့ သတိပေးခဲ့ကြပါတယ်။ ဗမာ(အစိုးရ)နဲ့ ဆက်ဆံရာမှာ အင်မတန် သတိထားဆက်ဆံကြဖို့ တိုက်တွန်းကြတယ်။ ဒီလို သတိပေးတာ၊ အကြံပေးတာတွေကို ကျနော်တို့ လက်ခံမှတ်ယူပြီးတော့ မီးရှူးတန်ဆောင်အနေနဲ့ အသုံးပြုကာ ရှေ့ဆက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ဗမာ(အစိုးရ)က ကျနော်တို့ကို ပြောဆိုလာတဲ့ ကမ်းလှမ်းချက်ကိုကြည့်ရင်တော့ အင်မတန်မှကို သာယာနာပျော်ဖွယ် ဖြစ်တာကို တွေ့ရမှာပါ။ ‘အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးသွားရန်’ ဆိုတာမျိုး၊ ‘ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်’ ဆိုတာမျိုးတွေ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုက ‘ဒါ အကောင်းဆုံးအခွင့်အရေးပဲ … အရင်ခေတ်အဆက်ဆက်မှာ ဗမာ(အစိုးရ)တွေ ဒီလိုကမ်းလှမ်းတာမျိုး ရှိခဲ့တာ မဟုတ်ဘူး … ကေအိုင်အိုအနေနဲ့ အမြန်ဆွေးနွေးကြပါ … အမြန် အပစ်ရပ်ကြပါတော့ …’ ဆိုပြီး ပြောဆိုလာတာလည်း ရှိပါတယ်။ ဗမာ(အစိုးရ)ပြောတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ အပြီးအပိုင်လက်နက်စွန့်ခြင်းကို ဆိုလိုတာဖြစ်ကြောင်း နားလည်ကြပါ။ ဗမာ(အစိုးရ)ပြောတဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ နိုင်ငံရေးနည်းလမ်းကို ရောက်မယ့်ကိစ္စမဟုတ်ကြောင်း သဘောပေါက်ကြပါ။ ဗမာ(အစိုးရ)ပြောတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနည်းလမ်းဆိုတာတွေဟာ ကျနော်တို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကို သိမ်းသွင်းပစ်လိုက်မယ့် ကိစ္စသာ ဖြစ်ကြောင်း နားလည်သဘောပေါက်ကြပါ။ ကျနော်တို့အတွက် အာမခံချက် တစုံတရာမျှ မရှိတဲ့ ဒီအခြေခံဥပဒေအောက် ဆွဲသွင်း၊ တံခါးပိတ်ကာ တစ်သက်လုံး ဒုက္ခရောက်ကြရမယ့် ကိစ္စပါပဲ။ ဒီအကြောင်းအရာတွေကို ပြည်သူလူထုတွေ သဘောပေါက်အောင် ရှင်းပြကြပါ။

“ဒီအကြောင်းအရာတွေကို နားလည်သဘောပေါက်ကာ

ကေအိုင်အိုဗဟိုရဲ့ ဦးဆောင်မှုအတိုင်း ညီညီညွတ်ညွတ် လျှောက်လှမ်းကြပါစို့ …

နောက်ဆုံးအနေနဲ့ ထပ်မံမှာကြားလိုတာကတော့ ပြည်သူလူထုတွေ အရမ်းစိုးရိမ်နေတဲ့

ကေအိုင်အိုဗဟိုမှ အမှားထပ်လုပ်မိမယ့် ကိစ္စမျိုး လုံးဝ မဖြစ်စေရပါဘူးလို့

ကတိပေး ပြောကြားလိုပါတယ် …

အပစ်အခတ်မရပ်ပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင်

ကြိုးပမ်းသွားမှာ ဖြစ်ပါတယ် …

သူတို့ဘက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်လာခြင်း မရှိဘူးဆိုရင်လည်း

အပစ်အခတ်တွေ ဆက်ရှိနေခြင်းအားဖြင့်

ဖိအားပေးနေမှာ ဖြစ်ပါတယ် …”

ဒီကနေ့တက်ရောက်လာတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

[ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများကို အဓိကကိုယ်စားပြုသော ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်နှင့် အမြင်များကို ဝေမျှရန် ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ဆိုပါသည်။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါသည်။]

Read more »

ပင်လုံကို-ချစ်ပါ

နိဒါန်း.။

ကတိသစ္စာတည်မြဲမှုသည် လူတစ်ယောက်၏ တန်ဖိုးပင်ဖြစ်သည်.။ ကတိဆိုရာမှာလဲ အမျိုးမျိုးကွဲသေးသည်.။ နှုတ်ကတိ စာကတိ နားလည်မှုကတိ..။

မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး၊ လူမျိုးရေး ပြသာနာအားလုံးမှာ ကတိမတည်မှုကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်နေရသည့် ပဋိပက္ခဖြစ်သည်ဟု ဆိုသော်လွန်အံ့မထင်..။ ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားပြန်မယ် ဆိုသောကတိ..။ ဒီကတိကို မတည်နိုင်သောကြောင့် တင်းမာမှုတွေ ဖြစ်ကုန်ကြသည်.။ ကတိပေးသူက ပေးပြီး ဖောက်ဖျက်သူက မရှက်မကြောက်ဖောက်ဖျက်ခဲ့ကြသည်..။ ကတိပေးသူက မပိုင်နိုင်ဘဲ၊ အားလုံးကို ကိုယ်စားမပြုနိုင်ဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကတိကြွံခဲ့သဖြင့် နောက်ကွယ်မှလူများ၏ မျက်နှာအိုးမဲသုတ်ခြင်း ခံရသည်ဟုသာ အကြမ်းဖျင်းမှတ်ယူထားရပေမည်..။ ပြန်ဆန်းစစ်ကြည့်ကြပါစို့..။

မြန်မာနိုင်ငံရေးသမိုင်းတွင် ကတိသစ္စာဖောက်ဖျက်မှုသည် ဤအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွားကတည်းကပင် ရှိခဲ့ပေပြီ..။ ပင်လုံကတိက၀တ် ချိုးဖောက်မှုပင်..။ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့သော၊ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကို သစ္စာဖောက်ခြင်းဖြစ်သည်.။ တစ်နည်းဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို သစ္စာဖောက်ခြင်းဖြစ်သည်..။ ကချင်အပါအ၀င် တိုင်းရင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်သည်..။ လေးစားသည်..။ ဗိုလ်ချုပ်အောင်ဆန်းကလဲ ရိုသားသော ဗမာလူမျိုးတစ်ဦးပီပီ ဖြောင့်မတ်သည်.။ သို့သော် နောက်ကွယ်မှ သဘောထားသေးသိမ်သည့် အမြင်ကျဉ်းမြောင်းသည့် ဗမာခေါင်းဆောင်တစ်ချို့က ဗိုလ်ချုပ်မျက်နှာ အိုးမဲသုတ်သည်.။ အသက်ထက် ကတိကို တန်ဖိုးထားတတ်သည့် ဗမာတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်ချိုးဖောက်သူပမာ အထင်ခံရစရာဖြစ်နေသည်.။ ဗိုလ်ချုပ်ကို ချစ်သူတိုင်း သတိပြုဆင်ခြင်စရာပင်..။

ဗိုလ်ချုပ်က ဘာတွေမျှော်မှန်းပြီး ဘာတွေ ကတိပေးခဲ့ပါသလဲ..။

ကချင်နှင့် တိုင်းရင်းသားများအရေး ပြောလျှင် သမိုင်းနှင့် ပင်လုံကို မပြော၍မဖြစ်..။ ဒါတွေက အသက်ဖြစ်သည်.။ သမိုင်းတလျှောက် တိုင်းရင်းသားများနှင့် ဗမာ တကယ်က သူ့အောက်ရောက်လိုက်၊ ကိုယ့်အောက်ရောက်လိုက်.၊ သီးခြားလွတ်လပ်သွားလိုက်၊ ဘုရင့်တပ်များက သွားရောက် တိုက်ခိုက်လုယက်လိုက်၊ ဖြစ်နေသည်သာရှိသည်..။ ဘာမှမထူးဆန်း..၊ ရိုးမယ်ဖွဲ့စရာမလို..။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံဆင်း ညီရင်းအစ်ကို ဆိုတာတွေနှင့် ဗာရာဏသီချဲ့စရာမလို..။ ပထမ၊ ဒုတိယ၊တတိယ စသည် မြန်မာနိုင်ငံကြီးတွေအကြောင်းလဲ ခဏခဏပြောကြသည်.။ ဒီလိုသာ ပြောကြေးဆိုလျှင် အယုဒ္ဒယ၊ ဇင်းမယ်၊ အာသံ၊ မဏိပူရ စသည်တို့ပါ. မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းခဲ့ရဖူးသည့်အတွက်.၊ ၄င်းတို့ကိုပါ. တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကိုတွေအဖြစ် သွတ်သွင်းသိမ်းပိုက်သင့်သည်...။ မြန်မာနယ်နိမိတ်အတွင်း သက်ဆင်းဖူးသည့်နယ်ပယ် အချင်းချင်းတွင် လက်ရှိပြည်နယ်များကိုတော့ တိုင်းရင်းသားများဟု သတ်မှတ်ပြီး.. အထက်ပါတိုင်းပြည်နှင့် လူမျိုးများကိုမူ တစ်ချိန်က မြန်မာတိုင်းရင်းသားဖြစ်ခဲ့ဖူးကြောင်းပင်မဖော်ပြဘဲ လက်နက်နိုင်ငံတော်နယ်ပယ်အဖြစ်သာ ဖော်ပြထားသည်မှာ စိတ်မချင့်မရဲဖြစ်စရာပင်..။ ဘာတွေများကွာနေလို့ပါလိမ့် စဉ်းစားစရာပင်..။ မှန်ပါသည်..။ ကွာသည့်အချက်မှာ အဆိုပါ ဒေသများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမရှိ..၊ ပြည်မနေ ဗမာတိုင်းရင်းသားများနှင့်အတူ လွတ်လပ်ရေး ရယူရန်လဲ လက်မှတ်ထိုးမထားသောအချက်ပင် ဖြစ်ပါသည်..။

ဗိုလ်ချုပ်က အင်အားတောင့်တင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ရန် မျှော်မှန်းသည်.။ ထို့ကြောင့် တောင်ပေါ်ဒေသနေ ပြည်ထောင်များကို လိုက်လံ စည်းရုံးသည်..။ ကချင်၊ချင်း၊ရှမ်း..။ ယခင်မြန်မာနိုင်ငံတော် အဆက်ဆက်သည် လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့သည့် ကိုလိုနီနယ်ပယ်များ စုစည်းမှုသာဖြစ်ရာ ယခုပြည်ထောင်စုမြန်မာနိုင်ငံကမူ ပြည်ထောင်များအားလုံး မိမိတို့ပြည်သားများ၏ လွတ်လပ်သော သဘောထားဖြင့် အင်တိုက်အားတိုက်ပါဝင်လိုသော သဘောထားရှိမှ ဖွဲ့စည်းနိုင်မည်ဖြစ်သည်...။ ဗိုလ်ချုပ်ကလဲ ဤသို့ဖြစ်စေချင်သည်.။ အတင်းအဓမ္မ သိမ်းပိုက်သွတ်သွင်း၍ ဖွဲ့စည်းထားသော ကိုလိုနီစုနိုင်ငံကို သဘောမကျချေ..။ တိုင်းရင်းသားအားလုံး စိတ်တူကိုယ်တူနှင့် အခွင့်အရေးတန်းတူစွာ လက်တွဲချီတက်သွားရန် ဆန္ဒရှိသည်..။ အမှန်တကယ်လဲ ဤကိစ္စအတွက် အသက်စွန့်ဆောင်ရွက်ခဲ့သည်..။ ကတိစကားတစ်ခွန်းအတွက် ဆောင်ရွက်စဉ် အသက်စွန့်သွားရှာသည်..။ မည်မျ မြင့်မြတ်ပါသလဲ..။ မည်မျ လေးစားဖွယ်ကောင်းပါသလဲ.။ ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ခံပြီး တိုင်းရင်းသားအရေးအာရုံမရသည့် နောက်လိုက်ပုဂ္ဂိုလ်များနှင့် ကွားခြားလှသည်..။ ဤသို့နှယ် ဗိုလ်ချုပ်မပြီးပြတ်ခဲ့သော လုပ်ငန်းကိုဆက်လက် ကြိုးပမ်းဖေါ်ဆောင်ရန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားကို ခံယူသူ လက်ရှိမြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်....။

ဗိုလ်ချုပ်နေရာ ဆက်ခံသူတွေ လူပါးဝပုံက ရွံဖို့ပင်ကောင်းလှသည်..။ နောက်ပိုင်း ပုဂ္ဂိုလ်များက ပိုဆိုးသည်..။ ၀ါဒဖြန့်ပုံများက အောက်တန်းကျလွန်းသည်.။ မြန်မာနိုင်ငံ နယ်နိမိတ်ကို နဂိုကပင် ဆွဲထားပြီးမှ ကချင်များ ၀င်ရောက်လာသဖြင့် ကချင်ပြည်နယ်အဖြစ် ပြည်မဗမာအာဏာပိုင်တို့က သဘေားထားကြီးစွာ ရက်ရောစွာ သတ်မှတ်ပေးလိုက် သယောင်ယောင် ရေးသားဝါဒဖြန့်မှုတွေ တွေ့နေရသည်..။ အမှန်က နိုင်ငံသတ်မှတ်ပြီးမှ ပြည်နယ်ပြန်ခွဲခြင်းမဟုတ်..၊ ပြည်ထောင်များ စုစည်း၍ နိုင်ငံတည်ထောင်ခြင်းသာဖြစ်သည်..။ နောက်တစ်ချက်က ပင်လုံရှိ ပြည်ထောင်စု ကျောက်တိုင်ကိစ္စဖြစ်သည်..။ မူလကျောက်စာတွင် တောင်တန်း-ပြည်မ သွေးစည်းရေး ကျောက်တိုင်ဟု ရေးထားသော်လည်း နောက်ပိုင်းကျောက်တိုင် အသစ်ပြန်စိုက်သောအခါ.. ပြည်မ-တောင်တန်းသွေးစည်းရေးဖြစ်သွားသည်..။ ကျောက်တိုင်ပေါ်တွင်ပင် ဦးစားမပေးလိုသော၊ အလွန်အကျူးရှေ့ရောက်ချင်နေသော အင်မတန်လေးစားထိုက်သည့် အားကိုးထိုက်သည့်..၊ လူကြီးလူကောင်းဆန်သည့် ပြည်မဗမာအစိုးရပါပေ..။

ပင်လုံသစ္စာအဖောက်ခံရမှု....။

၁၉၆၂ မှစ၍ ပင်လုံစာချုပ်ကို အတည့်အလင်း ဖောက်ဖျက်ကြပါတော့သည်..။ စာချုပ်အရ ဖယ်ဒရယ်မူ တောင်းပိုင်ခွင့်ရှိသည်..။ တရားဝင်တောင်းဆိုသောအခါ စာချုပ်ကို လက်နက်နှင့် ချိုးဖောက်ကြတော့သည်..။ ကတိက၀တ်ကို အင်အားဖြင့် ပယ်ဖျက်လိုက်ကြတော့သည်..။ ပင်လုံစာချုပ်ကို ဖောက်ဖျက်လိုက်ပြီ ဖြစ်သဖြင့် ပြည်ထောင်စု မရှိတော့ပေ.။ ပြည်နယ်စု ကိုလိုနီသာရှိတော့သည်..။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ဆက်ခေါ်နေသူများ ရှက်တတ်လျှင် လှဲသေဖို့ကောင်းသည်.။ အမှန်က ပြည်နယ်စုမြန်မာနိုင်ငံတော်ကြီးသာ ဖြစ်သည်..။ ဤသို့ပင်လုံကတိသစ္စာချိုးဖောက်မှုသည် ပြည်မရှိ ဗမာအစိုးရအတွက် ရာဇ၀င်တွင် ပြန်၍ အဖတ်ဆယ်ရန်ခက်ခဲသော အောက်တန်းကျမှုပင်ဖြစ်သည်..။ သာမန်ကတိဖောက်ဖျက်မှုသည် ထွေးပြီးသား တံတွေးပြန်မြိုသကဲ့သို့ ဖြစ်လျှင်.၊ ပင်လုံစာချုပ်ချိုးဖောက်မှုသည် ပြည်မအစိုးရအဖို့ မိမိမစင် မိမိပြန်စားခြင်းနှင့် သဏ္ဍန်တူပေလိမ့်မည်..။ ကိုလိုနီခေတ်က အိန္ဒိယနိုင်ငံ၏ လက်အောက်ခံပြည်နယ်အဖြစ် မနေလိုသဖြင့် အသဲအသန်ကြိုးပမ်းခဲ့ကြသူများ.၊ လွတ်လပ်ရေးရပြီးနောက်လဲ ဗြိတိသျှဓနသဟာယနိုင်ငံအဖြစ်ပင် မခံယူလိုသဖြင့် သဲကြီးမဲကြီးကန့်ကွက်ခဲ့သူတွေက တိုင်းရင်းသားတို့၏နယ်ပယ်ပိုင်းစိုးမှုကို ပြည်နယ်အဆင့်သာ သတ်မှတ်ချိုးနှိမ်ထားမှုက ကံ. ကံ၏အကျိုကို ယုံကြည်သော ဗုဒ္ဒဘာသာဝင် ဗမာလူမျိုးများကြီးစိုးသည့် ပြည်မအစိုးရအတွက် နားလည်ရန်ခက်ခဲသည့် လုပ်ရပ်ပင်ဖြစ်သည်..။

ပင်လုံစာချုပ်က အာမခံခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှုတွေ အကုန်လုံးသိမ်းပိုက်ခံလိုက်ကြရပြီ..။ တန်းတူညီမျှမှုအရ ကချင်၊ ကယား၊ ကရင်၊ ဗမာ စသည် တိုင်းရင်းသားအားလုံး သာတူညီမျှမှုရှိရမည်ဖြစ်သည်.။ ယခုမူ ဗမာတွေ၏ မင်းတစ်ကျပ် ငါတစ်ကျပ်လုပ်မှုကို တိုင်းရင်းသားတိုင်း ခံနေရသည်.။ သေချာအရင်းစစ်လိုက်တော့ တိုင်းရင်းသားများ တစ်ကျပ်စီ၊ ဗမာ ၇ ကျပ်ဖြစ်သွားသည်..။ မြန်မာဆိုသော စကားလုံးကိုပါ အပိုင်ပြန်သိမ်းသွားကြသည်..။ လွတ်လပ်ရေးရခါစက မြန်မာဆိုသည် အားလုံးနဲ့ဆိုင်သော အသုံးကဲ့သို့ ပွဲထုတ်ခဲ့သောလည်း ယခုမူ လုံးဝ ဗမာသီးသန့် စကားလုံးလိုပြန်ဖြစ်သွားပါပြီ.။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာရိုးရာယဉ်ကျေးမှု စသည် အားလုံးသည် ဗမာလူမျိုးတို့နှင့်သာ သက်ဆိုင်ပြီး အခြားတိုင်းရင်းသားများ၏ စာ၊ စကား၊ ယဉ်ကျေးမှုကို တစ်စုံတစ်ရာ ထင်ဟပ်ပြနိုင်မှုမရှိချေ..။ ပိုဆိုးသည်က ယဉ်ကျေးမှု သွတ်သွင်းခြင်း၊ သမိုင်းကို ပြင်ရေးခြင်းဖြစ်သည်..။ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအရေးအတီးပြိုင်ပွဲကို ရှုပါ..။ မြန်မာရိုးရာဆိုစေကာမု ဗမာအမျိုးသားများ၏ ယဉ်ကျေးမှုမှ လွဲ၍ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကိုမှ ထည့်သွင်း ယှဉ်ပြိုင်စေခြင်း အလျင်းမရှိသေးပါ..။ တောင်ပေါ်တိုင်းရင်းသားများ မိမိတို့ရိုးရာဝတ်စုံဝတ်၍ ဗမာသီချင်းကြီး တက်ဆိုနေခြင်းများသာ တွေ့ရသည်.။ ယခုဆို နှစ် ၂၀ ပြည့်တော့မည်.။ မကြာမတင်မီကာလတွင် ကချင်မိန်းမက ကချင်ဝတ်စုံဝတ်၍ ဗမာသီချင်းကြီးဆိုခြင်းကို တရားဝင် မြန်မာယဉ်ကျေးမှုဟု သတ်မှတ်ကာ သမိုင်းကို ပြင်ရေးကြတော့မည်...။ ခြေလှမ်းတွေကို မျက်ခြေမပြတ်လိုက်ကြည့်နိုင်မှ တော်ကာကျပေမည်...။

Autonomy အရေးကြီးသည်...၊ ရမှဖြစ်မည်...။

တိုင်းရင်းသားများကို Autonomy ပေးလိုက်ရ၍ ပြည်မငါးပါးမှောက်မည်လော ကျနော်စဉ်းစားဖူးသည်..။ ပြည်မအတွက် မည်သို့အကျိုးယုတ်သွားမည်နည်း.။ ဖြစ်နိုင်ချေရှိသည်က မိမိတို့အကျိုးယုတ်မည်ကို စိုးရိမ်သဖြင့် ဗမာတို့က ဤသံသယဖြင့် တင်းခံနေခြင်း ဖြစ်နိုင်သည်.။ Autonomy ရပြီး တိုင်းရင်းသားများလဲ ပြည်ပနည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ဖွံ့ဖြိုးလာမည်ကို မရှုစိမ့်၊ မနာလိုဖြစ်နေကြသည်.။ မုဒိတာမပွားနိုင်ကြ..။

ဆိုပါစို့.။ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်ပြည်ကို ဖွဲ့စည်းလိုက်ပြီဆိုလျှင် ဗဟိုပြည်မအစိုးရမှ ၀င်ရောက်စွက်ဖက်ခွင့်. ကန့်သက်ခံရမည်ဖြစ်သည်..။ ဒါကို သူတို့က အဖြစ်မခံနိုင်.။ တစ်နိုင်ငံလုံး သူတို့၏ ချုပ်ကိုင်လွမ်းမိုးမှုအောက်တွင် ထားချင်သည်.။ တိုင်းရင်းသားနယ်ပယ်များကို မဆိုထားဘိ.။ ပြည်မဗဟိုအစိုးရတွင်ပင် အာဏာတစ်စိတ်တစ်ပိုင်းချုပ်ကိုင်ထားရန် လွတ်တော်တွင်း အမတ် ၂၅% ၀င်ထိုင်ထားခိုင်းသည်..။ တိုင်းရင်းသားများကို မိမိတို့ပြည်ထောင်အရေးမိမိတို့ လွတ်လပ်စွာဆုံးဖြတ်ခွင့်မပေးခြင်းသည်လဲ လူ့အခွင့်အရေးချိုးဖောက်မှုပင် ဖြစ်သည်.။ စာချုပ်စာတမ်းဖြင့် လာရောက်ပူးပေါင်းသူများကို လက်နက်အားကိုဖြင့် ဒမြတိုက် တိုင်းပြည်လုယူလိုက်ခြင်းသည် ရာဇ၀င်တွင် မကြုံဖူးသည့် ယုတ်မာကောက်ကျစ်မှုဖြစ်သည်.။

ကချင်တွေ စစ်သွေးကြွလွန်းတာလား.။

တလောက မိတ်ဆွေတစ်ယောက် ဤသို့မေးလာသည်.။ ဗမာအစိုးရက အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းလာပါရက်နှင့် ကချင်တပ်မတော်က လက်မခံဘဲငြင်းဆန်ခဲ့သဖြင့် တိုက်ပွဲများ၏ တရားခံမှာ ကချင်တပ်မတြော်ဖစ်သယောင် ချိန်ခွင်လျှာပြောင်းသွားကြောင်းနှင့် အများအမြင်တွင် စစ်သွေးကြွတပ် အသွင်ဖြစ်လာမှာစိုးရကြောင်း သုံးသပ်ပြသည်.။ အလွန်ကျေးဇူးတင်ပါသည်.။ ထိုမေးခွန်းကို ဖြေရန်အတွက် ဤစာစုကို ရေးသားဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်.။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စာချုပ်စာတမ်း ကတိက၀တ်ကို လက်နက်အင်အားဖြင့် ချိုးဖောက်ကာ ထင်ရာစိုင်းခဲ့သည့် သရုပ်သကန်အရ ကချင်တို့သင်ခန်းစာယူခဲ့သည့် ခံယူချက်မှာ ပြည်မရှိဗမာအစိုးရကိုမယုံနဲ့ ဟူ၍ပင် ဖြစ်ပါသည်.။ တိုင်းရင်းသားများကို လုံးဝတန်ဖိုးမထား၊ အလေးအနက်မပြု၊ ကတိသစ္စာမတည်သည့် ပြည်မအစိုးရ.၊ ကောက်ကျစ်စဉ်းလဲပြီး အစဉ်အမြဲ ဆင်ကြံကြံနေသည် ဗမာစစ်တပ်. စသည်တို့ကိုယုံလျှင် အဖန်ဆယ်မရဖြစ်သွားပေမည်.။

ကတိပေးတိုင်း မယုံနိုင်တော့ပါ.။ ပြည်မအစိုးရ. အထူးသဖြင့် ဗမာစစ်တပ်ပေးသော ကတိကို ပို၍မယုံနိုင်ပါ.။ ကတိပေးချင်ရာပေးပြီး သေနတ်တစ်ချက်ဖောက်ကာ ဘွာတေးခတ်တတ်သည့် လူကြီးလူကောင်းမဆန်သည့် လုပ်ရပ်များကို ကချင်တို့ လုံးဝရှုံ့ချပါသည်.။ ပြည်မအစိုးရပေးသော ကတိသည် အင်အားမဲ့သူ လက်နက်မဲ့သူအတွက် အာမခံမှုလုံးဝမရှိသော လိမ်ဆင်ဇာတ်ထုပ် သက်သက်ဖြစ်သည်.။ ထိုကတိကို အာမခံနိုင်ရန် မိမိတို့က အင်အားတောင့်တင်းပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားမှ တော်ကာကျပေမည်.။ ကတိအတိုင်း အပြည့်အ၀ဖော်ဆောင်နိုင်မှ တက်ထောင်နိုင်ပါမည်..။ ပင်လုံကတိက၀တ် ပြည့်စုံမှ အပစ်ရပ်နိုင်ပေမည်.။

ပင်လုံစာချုပ်တုန်းက ရိုးသားသောတိုင်းရင်းသားများက ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းကို လွယ်လွယ်ယုံခဲ့ကြသည်.။ ဗိုလ်ချုပ်နောက်ကွယ်မှ ၀ံပုလွေများကို သတိမထားမိခဲ့.။ သဘောတူထားသော ကတိကို တစ်ဘက်မှဖောက်ဖျက်လာပါက ပြန်လည်တုံ့ပြန်ရန် လုံလောက်သောအင်အားမရှိဘဲ လိပ်ပတ်လည်အောင် မစဉ်းစာဘဲ အယုံလွယ်ခဲ့ကြသည်.။ ယခု အားလုံးပြောင်းလဲကုန်ပြီ.။ တိုင်းရင်းသာအားလုံး ဗမာအစိုးရကို မယုံကြတော့.။ ဒီလိုဖြစ်အောင်လဲ ဗမာအစိုးရကိုယ်တိုင်ကပဲ လုပ်ခဲ့ခြင်းဖြစ်သည်..။ ယခင်လို လှည့်၍ပတ်၍ရသော၊ ကြိုက်သလို လူလည်ကျနိုင်သော လူမျိုးများ မဟုတ်ကြတော့.။ ထို့ကြောင့်ပင် ကချင်များသည် ဗမာစစ်တပ်နှင့်အစိုးရ၏ အောက်တန်းစားစိတ်ဓာတ်ကို အတွင်းသိ အစင်းသိဖြစ်သည့်အကြောင်း၊ ဗမာအစိုးရ၏ မလိမ့်တပတ်ထုပ်မှုကို ခါးစည်းခံရအောင် ယခင်ကကဲ့သို့ အင်အားမရှိသည့် လက်နက်မရှိသည့် လူမျိုးမဟုတ်တော့သည့် အကြောင်း ဗမာအစိုးရသိစေရန် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်.။

နိဂုံး..။

နိဂုံးချုပ်ပါတော့မည်.။

၁။ ပင်လုံစာချုပ်အရ စုစည်းခဲ့သည့် ပြည်ထောင်စုတွင် ယခုအခါ ပြည်မရှိ ဗမာအစိုးရက ပင်လုံစာချုပ်ကို ဖောက်ဖျက်ခဲ့ကြပြီးဖြစ်ပါသည်.။ ထို့ကြောင့် လက်ရှိနိုင်ငံသည် ပြည်ထောင်စုမဟုတ်တော့ဘဲ ပြည်နယ်စုကိုလိုနီတိုင်းပြည်တစ်ရပ်သာ ဖြစ်ပါသည်.။ ကချင်ဒေသတွင် တိုက်ပွဲများ ရပ်စဲရန်မှာမူ..၊ ရန်ပြုကျူးကျော်လာသူ ဗမာနယ်ချဲ့တပ်များ ဆုတ်ခွာသွားပါက တိုက်ပွဲဖြစ်ရန်လုံးဝလိုအပ်မည် မဟုတ်တော့ပါ..။ အပစ်ရပ်လက်မှတ်ထိုးရန် မလိုပါ.။ နယ်ချဲ့တပ်ပြန်ဆုတ်သွားရန်သာ လိုပါသည်.။ မဆုတ်လိုပါက အပစ်ရပ်ရန်လဲ မလိုပါ.။ ဆက်တိုက်ဖို့သာ ရှိသည်.။ နယ်ချဲ့တပ်နှင့် နယ်စောင့်မျိုးချစ်တပ် တိုက်ပွဲဖြစ်ကြမည်မှာ ရှောင်လွဲ၍ မရပေ.။ သို့တည်းမဟုတ် ပင်လုံစာချုပ်ကို ပြန်လည်အသက်သွင်းလိုက်ပါမူ ဗမာတပ်သည် နယ်ချဲ့တပ်မဟုတ်တော့သဖြင့် အပစ်အခတ်ရပ်စဲလက်မှတ်ထိုးရန် ဖြစ်နိုင်ပါသည်.။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ အပစ်ရပ်မှု လာပါသည်..။

၂။ တိုင်းရင်းသားတို့ကို ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်ကို လက်နက်အားကိုး၍ “မကျေနပ်ရင် မင်းဘာတတ်နိုင်လဲ”ဟူသည့် အချိုးဖြင့် ချိုးဖောက်ခဲ့သဖြင့် ယခုချိန်တွင်လဲ အလားတူ အဖြစ်ထပ်မဖြစ်အောင် တိုင်းရင်းသားများ လက်နက်စွဲကိုင်ကာ ရန်ပြုကျူးကျော်လာသည့် ဗမာစစ်တပ်ကို တွန်းလှန်နေကြပါသည်.။ အမှန်တကယ် အင်အားချင်း မယှဉ်သာပါ.။ ဗမာတပ်များမှာ များစွာ အင်အားသာလွန်ပါသည်.။ သို့သော တိုင်းရင်းတပ်များတွင် စိတ်ဓာတ်အင်အားသာလွန်ပါသည်.။ မဟုတ်မခံ ရင်ဆိုင်တွန်းလှန်နေရခြင်း သည်ပင် တိုင်းရင်းသားတပ်မတော်တို့၏ အောင်ပွဲဖြစ်ပါသည်.။ တစ်ချန်တုန်းကလို ပြုသမျှနုမည့်သူများ မဟုတ်ကြောင်း၊ ကတိကို အင်အားဖြင့် အာမခံယူထားကြောင်း ဗမာတပ်သိလျှင် အောင်မြင်ပါသည်.။

၃။ ပြည်ထောင်စုထာဝရငြိမ်းချမ်းရန် တိုင်းရင်းသာအရေးသည် အလွန်အခရာကျပါသည်..။ တိုင်းရင်းသားများကို လေးစားမှုမရှိ.၊ အထင်အမြင်သေး နှိမ့်ချဆက်ဆံနေမည်ဆိုပါက စစ်မှန်သောပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်.။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက်လုံး တိုင်းရင်းသားများသည် မိမိတို့အခွင့်အရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်.။ ဗမာအစိုးရကလဲ တစ်လျှောက်လုံး တင်းခံခဲ့သည်.။ အင်အားအလုံးအရင်းဖြင့် ချေမှုန်းခဲ့သည်.။ အခွင့်အရေးဗန်းပြပြီးလဲ စည်းရုံးသိမ်းသွင်းခဲ့သည်.။ သို့သော် ပြည်တွင်းစစ်သာ သက်ဆိုးရှည်လာသည်.။ ဘာမှမထူးခဲ့.။ မိမိအခွင့်အရေးအတွက် တိုက်ပွဲဝင်သူကလဲ ပစ်သည်.။ နယ်ချဲ့အစိုးရတပ်ကလဲ ပစ်သည်.။ နိုင်ငံရေးအတွေးအမြင်ခိုင်မာသည့် မည်သည့် အဖွဲ့ကို နယ်ချဲ့တပ်များ နိုင်အောင် မပစ်နိုင်.။ မညှိနှိုင်းနိုင်..။ နှစ်ဘက်လုံးက ဆက်ပစ်သည်.။ ဤသို့နှင့်ပင် သောင်တင် ရေမကျဖြစ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ.။ ဒီအတိုင်းပဲ ဆက်သွားကြဦးမည်လော..။

၎။ ယခုအချိန်သည်ပင် ဗမာအမျိုးသားများနှင့် ဗမာအစိုးရအတွက် တိုင်းရင်းသားများ၏ ယုံကြည်လေးစားမှုကို ပြန်လည်တည်ဆောက် ရန် အကောင်းဆုံးအချိန်ဖြစ်သည်.။ ပြည်မနိုင်ငံရေး ချိန်ခွင်လျှာပြောင်းလဲမှု၊ ပြန်လည်ရင်ကြားစေ့မှုတွေနှင့်အတူ တိုင်းရင်းသားအရေး အပေါ်လက်ရှိအစိုးရ၏ သဘောထားပျော့ပြောင်းမှုတို့ကို အထင်အရှား တွေ့ရသည်.။ ယခုသည်ပင် စစ်မှန်သော ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်.။ ပင်လုံစိတ်ဓာတ်နှင့် အနှစ်သာရကို ပြန်လည်အသက်သွင်းကာ တိုင်းရင်းသားအရေး သင်ပုန်းချေရမည့် အချိန်ဖြစ်ပါသည်.။

ဝန်ခံချက်..။

မိမိအမြင်သည် မိမိ၏အမြင်သာ ဖြစ်ကြောင်း သိစေလိုပါသည်.။ စာရှုသူအမြင်သည် မိမိအမြင်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်သလို မိမိအမြင်သည်လည်း စာရှုသူအမြင်၏ အစွန်းထွက်သာ ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်.။ မည်သို့ပင်ဆိုစေကာမူ မိမိအမြင်သည် မိမိ၏ အမြင်သာဖြစ်ကြောင်း ၀န်ခံပါသည်.။

ကျနော် မြန်မာပြည်ကိုချစ်ပါသည်.။

by:http://www.facebook.com/notes/zaw-khun-naw/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%AB/321903047851372

Read more »