Friday, May 13, 2016

ပနားမား စာရင်းပါသူတွေကို စစ်ဆေးသင့်

အသံဖိုင်....http://burmese.voanews.com/a/3328525.html
ပနားမား စာရင်းပါသူတွေကို စစ်ဆေးသင့် 13/5/2016
ကမ္ဘာမှာ အကြီးမားဆုံး လျှို့ဝှက်ချက်ပေါက်ကြားမှုတခုဖြစ်တဲ့ ပနားမား စာရွက်စာတမ်းများ(Panama Papers)ထဲမှာ ပါဝင်နေသူ အခွန် တိမ်းရှောင်တဲ့ မြန်မာလုပ်ငန်းရှင်တွေကို စစ်ဆေးသင့်ကြောင်း မြန်မာ လုပ်ငန်းရှင် တဦးက ပြောဆိုလိုက်ပါတယ်။ ဒီစာရွက်စာတမ်းတွေ ကနေ နိုင်ငံတကာ မှာ အခွန် တိမ်းရှောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့ ပြည်ပမှာရှိတဲ့ ဘဏ်စာရင်းလျှို့ဝှက်ချက်တွေကို စုံစမ်းပြီး ထုတ်ဖေါ်ထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထပ်မံထွက်ပေါ်လာတဲ့ ပနားမားစာရွက်စာတမ်းတွေထဲမှာ အိုင်ဗင်ဟိုးမြန်မာ အပါအ၀င် ဦးခင်မောင်အေး၊ ဦးသင်းမောင်အေး၊ ဦးတင်မောင်ခင်၊ ဦးဟိန်းထက်ကျော် အစရှိတဲ့ လူပုဂ္ဂိုလ် (၁၆)ဦးနဲ့အတူ မြန်မာလုပ်ငန်းရှင် စုစုပေါင်း (၃၃)ဦးပါဝင်နေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကတည်းက နှံနှံစပ်စပ်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတချို့ဟာ ပြည်ပမှာဘဏ်စာရင်းတွေဖွင့်၊ ကုမ္ပဏီတွေထောင်ပြီး အခွန်တိမ်းရှောင်တဲ့နည်းလမ်းကို ကျင့်သုံးလာခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင် လည်းဖြစ်၊ NLD စီးပွားရေးကော်မတီမှာ တာဝန်ယူခဲ့သူလည်းဖြစ်တဲ့ ဦးမင်းခင်ကပြောပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေအားနည်းချက်တွေကို စီးပွားရေး လုပ်ငန်းရှင်တွေက အသုံးချပြီး ကိုယ့်ရဲ့နိုင်ငံမှာ ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကို မပေးတာ၊ ငွေဖြူငွေမည်း ကစားတာ စတာတွေကို လုပ်ကိုင်ကြ တာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကုမ္ပဏီတွေထောင်ပြီးတော့ အခွန်ရှောင်နေတာတွေက တကယ်တော့ကြာလှပြီ။ အခွန်ရှောင်တယ်ဆိုတာထက် သူကသက်ဆိုင်ရာ နိုင်ငံရဲ့ဥပဒေအရ အခွန်မပေးရတဲ့ဆီသွားပြီးတော့ တနည်းတဖုံနဲ့ မပေးရအောင်လုပ်တာပေါ့။”
မေး။ ။ သူတို့အခွန်ရှောင်တဲ့ကိစ္စမှာ အနာဂတ်မှာလည်း ဒီလိုတွေဖြစ်လာမယ် ဆိုလို့ရှိရင် တိုင်းပြည်(မြန်မာနိုင်ငံ) အတွက် ဘယ်လောက်အထိနစ်နာမှုတွေရှိလဲရှင့်။
“အဲဒါက ဒီငွေကြေးအပြောင်းအလဲတွေ ဘယ်လောက်ပမာဏရှိသလဲ၊ ဘယ်လောက်အလုပ်လုပ်သလဲ၊ ဒီအလုပ်တွေပေါ်ကနေ သက်ဆိုင်ရာနိုင်ငံအတွက် အခွန်ဘယ်လောက် ဆောင်သင့်ဆောင်ထိုက်၊ ရသင့်ရထိုက်လဲ အပေါ်မှာ မူတည်ပါတယ်။ ဥပမာ ကုမ္ပဏီတခုက British Virgin Islands မှာသွားပြီး မှတ်ပုံတင်လိုက်တယ်။ ပြီးတော့ အဲဒီနိုင်ငံက ကုမ္ပဏီအနေနဲ့ မြန်မာပြည်ကိုလာပြီး ရင်းနှီးမြှုပ်နှံတယ်။ သို့သော် အဲဒီကုမ္ပဏီပိုင်ရှင်က တကယ်တော့ မြန်မာပြည်မှာ ရှိတယ်။ ဆိုရင် ဒီဘက် မြန်မာပြည်မှာ လုပ်တဲ့အလုပ်အတွက် အခွန်ပေးရပေမဲ့ သူ့ပိုက်ဆံက နိုင်ငံခြား ကုမ္ပဏီအနေနဲ့ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ အတွက်ကြောင့် စောစောက သူ့သက်ဆိုင်ရာနိုင်ငံ အနေနဲ့ ပြန်ထွက်သွားတယ်။ တခါ အဲဒီနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီကနေ အခြားနိုင်ငံမှာ ကုမ္ပဏီ ထူထောင်ပြီး အဲဒီကို ငွေက လွှဲပြောင်းသွားမယ်။ ဆိုတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံလဲ၊ ဘယ်လောက် အလုပ်လုပ်လဲ ဆိုတဲ့အပေါ်မှာမူတည်တယ်။ ဒါပေမဲ့ အနည်းနဲ့အများ မြန်မာလို ကာယကံရှင်နိုင်ငံကတော့ နစ်နာတာပဲ။”
မေး။ ။ ဒီလိုနည်းလမ်းတွေမဖြစ်အောင် သက်ဆိုင်ရာအစိုးရတွေက ဟန့်တားလို့ ရနိုင်တဲ့ နည်းလမ်းတွေရောရှိလားရှင့်။
“တကယ်တမ်းလုပ်ရတာတော့ခက်တယ်။ ကိုယ့်နိုင်ငံထဲက ပေါ်လာရင်တော့ ကိုယ့်နိုင်ငံထဲက လုပ်ငန်းရှင်၊ အထူးသဖြင့်လည်း သူများနိုင်ငံတွေမှာ လည်း ဖြစ်ပြီလေ။ နိုင်ငံရေးသမားတွေ ပနားမားစာရွက်စာတမ်းစာရင်းထဲမှာ ပါလာတယ်။ အဲလို အခွန်ရှောင်တဲ့နည်းလမ်းတွေသုံးတဲ့အခါ ဒီငွေတွေဘယ်လိုရလဲ။ ဂုဏ်သိက္ခာမရှိဘူးဆိုပြီး ရာထူးကနေ ထွက်သွားရတဲ့သူတွေရှိလာတယ်။ စစ်ဆေးတာတွေရှိလာတယ်။ ဒီလိုမျိုး ပေါ်လာရင်တော့ အပြစ်ရှိမရှိဆိုတာကိုတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို စစ်ဆေးလို့တော့ရတယ်။ ဥပဒေကြောင်းအရ တရားဝင်ပေမယ့် လုပ်ရပ်အရ ဂုဏ်သိက္ခာမဲ့တယ်။ ပြီးတော့ တရားမ၀င်တဲ့ ဟာတွေပါနိုင်တယ်။ စစ်ဆေးရင်တော့ ပေါ်လာမယ်။”
မေး။ ။ အဲတော့ အန်ကယ်ရဲ့အမြင်မှာ ဒီလုပ်ငန်းရှင်တွေကို စစ်ဆေးသင့်တယ်ဆိုတဲ့ အမြင်ရှိပါသလား။ အန်ကယ်ရဲ့ သဘောထား ဘယ်လိုရှိလဲရှင့်။
“တကယ်တမ်းတော့ စစ်ဆေးသင့်တာပေါ့။ စုံစမ်းသင့်တာပေါ့။ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ပတ်သက်ရင် နိုင်ငံခြားမှာ သူတို့နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေ ဖွင့်ထားတယ်ဆိုလို့ရှိရင် အဲဒါနဲ့သက်ဆိုင်တဲ့ ဥပဒေတွေ ရှိတယ်လေ။ ပြဌာန်း ချက်တွေ ရှိတယ်။ မြန်မာနိုင်ငံသားတွေက သက်ဆိုင်ရာ ဗဟိုဘဏ်ကို အသိမပေးပဲ၊ အကြောင်းမကြားပဲ နဲ့ နိုင်ငံခြားမှာ ငွေစာရင်းမဖွင့်ရဘူး။ ဖွင့်ထားရင် အကြောင်းကြားရမယ်။ စသင့်ဖြင့် ဥပဒေပြဌာန်းချက် ရှိတယ်လေ။ ဒါမျိုးဆို ဥပဒေနဲ့ညိစွန်းနိုင်တာပေါ့။ အဲတော့ စုံစမ်းစစ်ဆေးတာကတော့ ယေဘုယျ အားဖြင့်လုပ်ကိုလုပ်သင့်တာပါပဲ။”
ပနားမားစာတမ်းတွေမှာပါနေတဲ့ မြန်မာလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ (၁၅) ပြဌာန်းချက်နဲ့အညီ စစ်ဆေးနိုင်တယ်လို့လည်း ဦးမင်းခင်ကပြောပါတယ်။
ဧပြီလဆန်းတုန်းက အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က ထုတ်ပြန်လိုက်တဲ့ ပနားမား အခြေစိုက် Mossack Fonseca ဥပဒေအကျိုးဆောင် ကုမ္ပဏီ ဆီက ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းပေါင်း ၁၁.၅ သန်းလောက် စာရင်းတွေထဲမှာ မသမာတဲ့နည်းလမ်းနဲ့ အခွန်တိမ်းရှောင်နေတဲ့ ထင်ရှားတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံ စာရင်းမှာတော့ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာ ဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။credit-VOA

ဦးမိုက်ကယ်မိုးမြင့်။