Pages

Top Menu

Pages

Sunday, October 2, 2016

RFA Burmese
လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ်လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ်တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီးကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
Photo: Kan Thar/RFA
(ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်)