Pages

Top Menu

Pages

Tuesday, September 13, 2016

အမေရိကန် ဆန်ရှင် ဆက်လက်ထားရှိရန် ကချင်အဖွဲ့ သမ္မတ အိုဘားမားထံ တောင်းဆို


===================
September 12, 2016 |
ဧရာဝတီ
မြန်မာ့ တပ်မတော်အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ခရိုနီကြီးများအပေါ် ကျောက်မျက်ရတနာနှင့် သတ္တုတွင်းထွက် ပစ္စည်း များ တင်ပို့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင် (Sanctions)ကို ဆက်လက် ထားရှိရန် ကချင်တိုင်းရင်းသား အဖွဲ့တဖွဲ့က သမ္မတ အိုဘားမားထံသို့ ယနေ့ အိတ်ဖွင့်ပေးစာပို့ တောင်းဆို လိုက် သည်။
ဝါရှင်တန်အခြေစိုက် ကချင်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (Kachin Alliance ) က အမေရိကန် သမ္မတ အိုဘားမားထံ ပေးပို့သည့် စာတွင် တောင်းဆိုချက် ၅ ချက် ပါဝင်ကြောင်း သိရသည်။
ယင်းတောင်းဆိုချက်များတွင် တပ်မတော်ရှိ ပုဂ္ဂိုလ်တချို့၏ စီးပွားရေး လုပ်ငန်းများ၊ တပ်မတော်နှင့် ဆက်စပ်နေသည့် ခရိုနီ များအပေါ် ဆန်ရှင် ဆက်လက် ထားရှိပေးရန်၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ တပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ဆက် လက် ထိန်းချုပ်ထားရန် ၊ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများနှင့် သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့မှုကို ပိတ်ဆို့ ပေး ထား ရန် နှင့် မြန်မာနိုင်ငံ အပြောင်းအလဲ ကာလတွင် “Burma” ဟုသာ သုံးစွဲပေးရန်တို့ ပါရှိသည်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေပြီး ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် တပ်မတော်ကို အမေရိ ကန် သမ္မတ အိုဘားမားက စီးပွားရေးဒဏ်ခတ် အရေးယူမှုများ ဆက်လက်ထားရှိခြင်းဖြင့် အမေရိကန်- မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒအရ ဒီမိုကရေစီဆိုင်ရာ လူ့အခွင့်အရေး ကိစ္စရပ်များနှင့် တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ရန် လုပ်ဆောင် ပေးသကဲ့သို့ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အစိုးရနှင့် တိုင်းရင်းသားလူမျိုးများကြား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင်လည်း အထောက်အကူပြုရာ ရောက်သည်ဟုလည်း Kachin Alliances က ဆိုထားသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေပြရန်အတွက် ၂၀၁၁ ခုနှစ် အောက်တိုဘာ လ တွင် တပ်မတော်မှ ဖမ်းဆီးပြီး ပျောက်ဆုံးသွားသည့် ကလေးတဦး၏မိခင် ကချင် အမျိုးသမီး ဆမ်လွတ် ရွယ်ဂျာကိစ္စ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်မှ ပြုလုပ်သည်ဟု ယူဆထားသည့် ကချင် ကျောင်းဆရာမ နှစ်ဦး ဖြစ်သူ တန်ဘောင်ခေါန်နန်စင်နှင့် မရန်လုယာ တို့ အဓမ္မပြုကျင့်ခံရပြီး သတ်ခံရသည့်ကိစ္စ အပြင် ၂၀၁၆ ခုနှစ် ဇွန်လက မြစ်ကြီးနားမြို့တွင် တပ်မတော်မှ တပ်သား ၂ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ၁၉ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ဂွမ်ဆိုင်းအောင် ကိစ္စတို့ကိုလည်း ထည့်သွင်း ရှင်းပြထားသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “Human Violation ကို စစ်တပ်က မရပ်သေးသရွေ့ အထူးသဖြင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ၊ နိုင်ငံရေး ဆွေးနွေးမှုတွေ စနေတဲ့ အချိန်မှာတောင် ထိုးစစ်ကို စပြီးသွားနေတော့ ဆန်ရှင်ကို မဖြေလျှော့ သင့်ဘူးလို့ ယူဆပါတယ်။ အပြောင်းအလဲအတွက် ဆန်ရှင်ဖွင့်ပေးဖို့ လိုတယ်ဆိုတာ ကျမတို့ နားလည်တယ်။ ဆက်လက် ပိတ်ဆို့ထားဖို့လို့ ကျမတို့ ဆိုလိုတာက Selected Sanction(လူတဦးချင်းအလိုက် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု) ဆိုတဲ့ သဘောပါ”ဟု ပြောသည်။
ကချင် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အမေရိကန်သမ္မတ အိုဘားမားထံသို့ ပေးပို့စာသည် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရရှိလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း လုပ်သင့် လုပ်ထိုက်သည်ဟု ယူဆသဖြင့် ပို့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အိုဘားမားထံသို့ ပို့စာအပေါ် ပြည်တွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများထံမှလည်း ထောက်ခံဆန္ဒပြု လက်မှတ် များ ကောက်ခံသွားရန် စတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ဆက်လက်ပြီး ဒေါ်ခွန်ဂျာက “တချို့သော ဆန်ရှင်တွေက ဖွင့်ဖို့သင့်ပြီလားလို့ စဉ်းစားစရာပါ။ တချို့သော ပြစ်မှုတွေ မှုခင်း တွေကို တာဝန်ယူမှု အရေးယူပေးမှု မရှိတဲ့အခါမှာ သူတို့ကို ထပ်ပြီး Economic Sanctions ကိုပါ ဖွင့်ပေး လိုက်ခြင်း အားဖြင့် ပိုပြီးတော့ Credit ပေးလိုက်သလိုဖြစ်နေတယ်လို့ မြင်ရပါတယ်”ဟုလည်း ပြောသည်။
Kachin Alliance ၏ အိတ်ဖွင့်ပေးစာပါ အချက်အလက်များနှင့် ပတ်သက်၍ တပ်မတော်မှ ပုဂ္ဂိုလ်တချို့နှင့် ခရိုနီများဟု ဆို ထားသည့် အပေါ် အမည်နာမများ ထုတ်ဖော်ပြောဆိုရန် ကချင်ငြိမ်းချမ်းရေး ကွန်ယက်အား ဧရာဝတီက မေးမြန်းခဲ့သော် လည်း ဖြေဆိုခြင်း မရှိပါ။
ကချင်ပြည် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာကလည်း Kachin Alliance မှ အမေရိကန်သမ္မတ အိုဘားမား ထံ တောင်းဆိုမှုပေါ်တွင် မှတ်ချက်ပေးရန် မရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားပြဿနာများ၊ ငြိမ်းချမ်းရေး ကိစ္စ များ ဖြေရှင်းနေဆဲ အပြောင်းအလဲကာလတွင် အမေရိကန်နိုင်ငံမှ ဆန်ရှင်များ ဖွင့်လှစ်ပေးခြင်း မပြုလုပ်ရန် တောင်းဆိုခြင်း ဟု နားလည်ကြောင်း ၊ အမေရိကန် နိုင်ငံအနေနှင့်လည်း ပြည်တွင်းမှ အခြေအနေများကြည့်ပြီးမှ စီးပွားရေး ပိတ်ဆို့မှုများ ကို ဖွင့်ပေးရန် သင့် မသင့် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။
ယခုလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ အိမ်ဖြူတော်သို့ သွားရောက်ပြီး သည့်နောက်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဆန်ရှင်ကို ဖြေလျှော့ပေးရန် (သို့) ရုပ်သိမ်း ပယ်ဖျက်ပေးရန် စဉ်းစားနေသည်ဟု စက်တင်ဘာလ ၂ ရက်တွင် Reuters သတင်းဌာနက ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တွင်လည်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ သွားရောက်ပြီး သမ္မတ အိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒန်၊ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်း ရှင် များနှင့် တွေ့ဆုံရန် ရှိသည်ဟု သိရသည်။
ထိုကဲ့သို့ သတင်းများ ထွက်ရှိပြီးနောက် ဝါရှင်တန်ရှိ Kachin Alliance ကလည်း သမ္မတ အိုဘားမားထံသို့ အိတ်ဖွင့် ပေးစာ ပို့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
Kachin Alliance သည် အမေရိကန်နိုင်ငံ အတွင်းရှိ ကချင်လူမျိုးများ နှင့် ပြည်ပရောက် ကချင်လူမျိုးများ စုပေါင်းပြီး တည်ထောင်ထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး ပြည်တွင်းရှိ ကချင် အရပ်ဘက် အဖွဲ့အစည်းများ၊ ကချင်အမျိုးသားရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်မူရှိသည်။