Pages

Top Menu

Pages

Saturday, October 31, 2015

တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ

U Ravika's photo.
U Ravika with Tsaw Ra Tsaw and 66 others
10 hrsAurora, COEdited
တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ
သန်းရွှေက တောင်ပိုင်းရှိတိုင်းရင်းသားတွေကို တိုက်တယ်။ သိန်းစိန်က မြောက်ပိုင်းရှိတိုင်းရင်းသားတွေကို တိုက်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးတာပဲဖြစ်ဖြစ်၊ မဆွေးနွေးတာပဲဖြစ်ဖြစ် သူတို့က တိုက်ချင်ရင် ဒီစခန်းကို ရွှေ့ပေး၊ ဟိုစခန်းကို ရှောင်ပေး ပြောမှာပဲ။ NCA ကို လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ မထိုးတာပဲဖြစ်ဖြစ် သူတို့တိုက်ချင်တဲ့လူကို အကြောင်းမရှိအကြောင်းရှာပြီး တိုက်မှာပဲ။ ဒါကို တိုင်းရင်းသားတွေ သိထားကြဖို့ လိုမယ်။
အစိုးရတပ်ရဲ့ ရွေ့လျားမှုကို ကြည့်ရင် တိုင်းရင်းသားတို့ကို ဖက်ဒရယ်ပေးမဲ့အစား အပြုတ်တိုက်ဖို့အစီအစဉ်ရှိကြောင်း သိနိုင်မှာပါ။ အခု NCA ကိစ္စဟာ အချိန်ဆွဲတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ အင်အားကို ခွဲထုတ်တဲ့ ဥပါယ်တံမျဉ်တစ်ခုမျှသာ ဖြစ်တယ်။ တကယ်လို့ တိုင်းရင်းသားတို့ကို ယုံပြီး NCA ကို တကယ်လက်မှတ်ထိုးစေချင်ရင် အင်မတန်မှ လွယ်ပါတယ်။ အားလုံးကို လက်ခံလိုက်ရုံပဲ။ ဒါပေမဲ့ NCA ကို ကိုးကန့်တွေအပေါ် ထားတဲ့ မအလရဲ့ အဃာတတရားလောက်တောင် သူတို့တန်ဖိုးမထားပါ။ ပြစရာတစ်ခုလောက်ပဲ သဘောထားတာမို့ သူတို့အတွက် ကြီးကြီးကျယ်ကျယ် မဖြစ်လည်း ရမဲ့အခြေအနေပါ။ လက်ရှိ NCA လောက်နဲ့ သူတို့က သူတို့အလှူရှင်တွေနဲ့ အဆင်ပြေခဲ့ပါပြီ။
လက်ရှိအစိုးရတပ်ရဲ့ တပ်ရင်းတပ်မများဟာ ဗမာပြည်မမှာ များများစားစား မထားပါဘူး။ တပ်အင်အားတွေကို ပြည်နယ်တွေမှာပဲ ထားရှိပါတယ်။ ဒါဟာ တရုတ်တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူထားခြင်းဖြစ်တယ်။ တရုတ်တပ်မတော်ဟာ ပြည်နယ်တွေ မအုံကြွအောင် ပြည်နယ်တွေမှာပဲ ထားတာ များပါတယ်။ ပြီးရင် ဟန်လူဦးရေ တိုးပွားအောင် လုပ်ပါတယ်။ အတွင်းမွန်ဂိုလီယား၊ တိဗက် စတဲ့ လူဦးရေကျဲတဲ့ ပြည်နယ်တွေမှာ စက်ရုံထူထောင်ပြီး ဟန်လူမျိုးအခြေချမှုခိုင်မာအောင် လုပ်ခဲ့ပါတယ်။ အခု ပြည်နယ်တွေမှာ စစ်တပ်နဲ့ မဘသတို့နေရာယူလာခြင်းမှာ တိုင်းရင်းသားလူမျိုးများအတွက် အဓိကအန္တရာယ် ဖြစ်ကြောင်း သိရှိထားကြဖို့ လိုပါ့မယ်။ ဒီအုပ်စုနောက်မှာ ခရိုနီစီးပွားရေးသမားတွေကလည်း ပြည်နယ်တွေကို ခြယ်လှယ်ကြမှာ ဖြစ်လို့ တိုင်းရင်းသားလူမျိုးများတည်တံ့မဲ့အရေးဟာ အင်မတန်မှ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေပါတယ်။
ဒီတော့ တပ်အင်အား(၈၅)ရာခိုင်နှုန်းကို ပြည်နယ်မှာပဲ ဖြန့်ကျက်ထားမှုဟာ တိုင်းရင်းသားတွေအတွက် အလားအလာ သိပ်မကောင်းပါ။ မိမိအိမ်ရှေ့မှာ သူတို့တပ် ရောက်နေပါတယ်။ အခု NCA ကို လက်မှတ်ထိုးသွားတဲ့ KNU လည်း မကြာခင်မှာ အစိုးရတပ်ရောက်လာမှာကို တွေ့မြင်ရဖွယ် ရှိပါတယ်။ ဒီတပ်တွေဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမဲ့အစား နိုင်ငံရေးဆွေးနွေးပွဲအပြီးမှာ သူတို့ပေးချင်သလောက်ပဲ ပေးပြီး လက်ရှိအဖွဲ့ (၈)ဖွဲ့ လက်မခံပါက အင်အားသုံးချေမှုန်းဖို့ အခုကတည်းက ပြင်ဆင်ထားတဲ့ သဘောပါ။ အမှန်မှာ မအလတို့ဟာ တိုင်းရင်းသားတွေကို အပြုတ်တိုက်ဖို့ ဆယ်နှစ်စီမံကိန်းကို ရေးဆွဲနေတာပါ။ အခု စစ်တပ်ရွေ့လျားမှုကို ကြည့်ရင် အနီရောင်အဆင့်မဟုတ်ခဲ့ရင်တောင် အဝါရောင်အဆင့်တော့ ရောက်နေပြီလို့ ပြောရမှာပါ။
လောလောဆယ်မှာ NCA ကို လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို အာရုံထားပြီး စစ်ရေးတည်ဆောက်မှုတွေကို လုပ်ပါတယ်။ အမှန်မတော့ UNFC အဖွဲ့က NCA ကို လက်မှတ်ထိုးလို့ မဖြစ်အောင် အဖွဲ့ဝင်(၃)ခုကို တမင်တကာ ချန်လှပ်ခဲ့ခြင်းဖြစ်တယ်။ ဒါဟာ သိန်းစိန်နဲ့ မအလတို့ရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်တစ်ခု ဖြစ်တယ်။ အဖွဲ့ (၃)ဖွဲ့ကို လက်မခံရင် UNFC ကလည်း NCA ကို လက်မှတ်ထိုးဖို့ အဆင်မပြေမှန်း အစိုးရက သိပြီသားပါ။ အစိုးရက ဒီအဖွဲ့တွေ လက်မှတ်မထိုးဖြစ်အောင် လုပ်မယ်၊ ပြီးတော့ အဆိုပါဒေသတွေမှာ စစ်ရေးတည်ဆောက်မှုတွေ လုပ်မယ်၊ လက်ရှိအပစ်ရပ်သူများကို အပေါ်စီးကနေ ဆွေးနွေးနိုင်မယ်၊ ခြယ်လှယ်သလို လက်မခံရင် အပြုတ်တိုက်ကြဖို့ပါပဲ။
မကြာခင်မှာ ဝမြို့တော်ပန်ခမ်းမှာ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ တွေ့ကြပါလိမ့်မယ်။ KNU ဟာ ကတိတည်သူ မဟုတ်လို့ အဲ့ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာမဟုတ်ပါ။ အမှန်မှာ KNU က NCA ကို လက်မှတ်ထိုးပြီးရင် EAOs summit လုပ်စရာရှိရင် UNFC က ဦးစီးဖို့ သဘောတူခဲ့ပြီသား ဖြစ်တယ်။ ဒါပေမဲ့ KNU ခေါင်းဆောင်အချို့ဟာ သိန်းစိန်နဲ့ မအလတို့နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ UNFC နဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး EAOs summit ကို ဦးစီးဖို့ အတင်းအကြပ် နေရာယူလာပါတယ်။ နောက်ပြီး KNU စည်းရုံးနေတဲ့ အခြားအဖွဲ့ငယ်တွေလည်း ပန်ခမ်းထိပ်သီးအစည်းအဝေးမှာ ပါဝင်မယ်မထင်ပါ။ ပန်ခမ်းဆွေးနွေးပွဲကို အင်အားကြီးတိုင်းရင်းသားတပ်မတော်များကိုပဲ ရွေးပြီး ဖိတ်ကြားထားတဲ့အတွက် ရွေးကောက်ပွဲအခြေအနေ၊ နောက်တက်လာမဲ့အစိုးရအခြေအနေကို ဆွေးနွေးကြမယ်လို့ ပြောနေပေမဲ့ ရှမ်းပြည်နဲ့ ကချင်ပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့က သေချာပါတယ်။ နောက်ပြီး အစိုးရရဲ့ စစ်ရေးအရ ခြိမ်းခြောက်နေမှုကို စုပေါင်းကာကွယ်ဖို့အတွက်လည်း အမြင်ချင်းဖလှယ်ကြမယ်လို့ ယူဆပါတယ်။
ဒါကြောင့် သိန်းစိန်အစိုးရရဲ့ နိုင်ငံရေးအရ ထိုးနှက်ချက်၊ မအလရဲ့ စစ်ရေးအရ ဖိနှိပ်မှု၊ KNU စတဲ့ အဖွဲ့များရဲ့ မထီမဲ့မြင်ပြုမှုများကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ UNFC နဲ့ အခြားအဖွဲ့များဟာ ပန်ခမ်းဆွေးနွေးပွဲမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု ချုပ်ဖို့ လိုအပ်ကြောင်း မိမိရှုမြင်ပါတယ်။ ဒီဆွေးနွေးပွဲဟာ အခု အစိုးရလုပ်နေတဲ့ JMC ဆွေးနွေးပွဲထက် လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေကြရပါတယ်။ JMC ကို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ ပါဝင်မှု မရှိက သူတို့ဘယ်လိုထိန်းကြမလဲ၊ UPDJC ကိုလည်း သူတို့ဘယ်လိုဖွဲ့စည်းကြမလဲ စိတ်ဝင်စားရမဲ့အချိန်မဟုတ်ပါ။ မိမိကိုယ်ကို ခုခံကာကွယ်ရမဲ့အချိန် ဖြစ်တယ်။ ဒါကြောင့် Federal Union Army ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ အစီအမံတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ ရွေးကောက်ပွဲကလည်း မသေချာတဲ့အချိန်၊ NCA ကလည်း မသေချာတဲ့အချိန်၊ မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသားတို့ဒေသမှာ စစ်ရေးအကြီးအကျယ်တည်ဆောက်နေတဲ့အချိန်မှာ FUA တပ်ပေါင်းစုတစ်ခုကို အသက်ဝင်လာအောင် လုပ်သင့်ပြီလို့ ယူဆမိပါတယ်။
တိုင်းရင်းသားတွေမှာ စစ်ရေးမဟာမိတ်စာချုပ်တစ်ခု လိုအပ်နေပြီ