Pages

Top Menu

Pages

Saturday, November 29, 2014

"ခုခံစစ်လား ထိုးစစ်လား"


================
ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)
နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။ သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။
အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။
အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။
တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။
KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်။
(ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့၊ သံဃာ အချို့ နဲ့ စာနယ်ဇင်းအချို့က မမှန်မကန် သတင်းတွေထုတ်လွှင့်တယ်၊ အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူ အမြင်လွှဲမှား စေမယ့် သတင်းနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ဇောရဲ့ အမြင်ကို မေးမြန်းရာမှာ အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းချက်များကို http://blog.irrawaddy.org/2013/01/blog-post_3172.html မှာ ဖတ်ရှုနိုင်ပါတယ်။)