Pages

Top Menu

Pages

Friday, May 16, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တရုတ်အစိုးရ ပူးပေါင်းလုပ်လို


Written by  ဖနိဒါ
ချင်းမိုင်၊ မဇ္ဈိမ။            ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ် အစိုးရအနေဖြင့် အားပေးကူညီရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန် လိုလားကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အာရှရေးရာ အထူးသံတမန်အဖွဲ့က ကိုယ်စားလှယ်က တိုင်းရင်သား လက်နက်ကိုင် ကိုယ်စားလှယ်များ မေလ ၁၄ရက်က မြစ်ကြီးနားမြို့၌ တွေ့ဆုံစဉ် ပြောခဲ့သည်ဟု NCCT၏ ဒု-အဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်က မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ (NCCT)မှ ခေါင်းဆောင် ၉ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးသံတမန်အဖွဲ့မှ မစ္စတာ ဝမ်ယင်ဖန် (Wang YingFan)ပါဝင်သော ရုံးအဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ သီးသန့်အလွတ်သေဘာ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“သူပြောတဲ့အထဲမှာ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အစိုးရကနေ မတရားအသင်းကြေငြာထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ပြီးလို့ ကျွန်တော်တို့ကို မတရား အသင်း ကြေငြာခြင်းကနေ ပယ်ဖြတ်ပေးမယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့နဲ့ လက်တွဲပြီး တရားဝင် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင်တယ်ဆိုတာလည်း ပြောပြပါတယ်။ တိုင်းရင်းသားတွေကြားမှာသူတို့အနေနဲ့ ကူညီပြီးတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နည်းပညာ ပိုင်းဆိုင်ရာတွေ၊ ပညာရေး၊ စိုက်ပျိုးရေးကို သူတို့အနေနဲ့ ဝိုင်းပြီး လုပ်နိုင်တဲ့ အကြောင်းတွေ ဦးစားပေးပြီးတော့ ပြောသွားပါတယ်”ဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်က ပြောသည်။
တရုတ်အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှုအပေါ် ကြိုဆိုသော်လည်း လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူပြီး နိုင်ငံရေး ဆွေးနွေးမှုမှသည် နိုင်ငံရေး အဖြေ ရရှိပြီးမှသာ လုပ်ဆောင်ပါက ပိုမို သင့်လျှော်မည်ဟု သူက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် နည်းလမ်းမရှိလို့သာ မလွဲသာမရှောင်သာဘဲ လက်နက်ကိုင်နေကြတာ ဖြစ်တယ်။ နှစ်ပေါင်း ၆ဝ ကျော် ကျွန်တော်တို့ ပြည်ထောင်စုသမိုင်းမှာ အခုကာလဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အကောင်းဆုံး ကာလဖြစ်တယ်။ ငြိမ်းချမ်းရေးရှိမှ ကျွန်တော်တို့ နိုင်ငံနဲ့ဆက်စပ်နေတဲ့ တရုတ်၊ အိန္ဒိယနိုင်တို့မှာလည်း တည်ငြိမ်မှုရှိမယ်။ ဒေသဆိုင်ရာ တည်ငြိမ်မှုရှိမှပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင် သင့်တယ်ဆိုပြီး ကျွန်တော်တို့ကိုယ်တိုင် ပြောခဲ့ပါတယ်။ နိုင်ငံရေးအဖြေရှာမရဘဲ ဖွံ့ဖြိုးရေး အရင်လုပ်မယ်ဆိုရင် အခု ကချင်ကိုပဲ ဥပမာ ပြပြောလိုက်တယ်”ဟု ပြောသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်အခတ် ရပ်စဲရေး ၁၇ နှစ်ကြာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ ဆောက်လုပ်ခဲ့သော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း မရှိခဲ့သဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး မိုင်းခွဲ ဖျက်ဆီးခဲ့ရပုံကို ပြန်လည် ရှင်းပြခဲ့သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပါက တရုတ်အစိုးရ အနေဖြင့် အားပေးကူညီမည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ မေလ ၂၁ရက်နှင့် ၂၂ရက် တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်၊ အမေရိကန်နှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များကို လေ့လာသူအနေဖြင့် ဖိတ်ခေါ်ရန် NCCTက စီစဉ်နေပြီး ယင်းကိစ္စကို မြန်မာအစိုးရဘက်ကလည်း သဘောတူညီရန် လိုအပ်သည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
NCCTနှင့် UPWCတို့ မေလ တတိယပတ်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေး(Singal Text)အတွက် ကြိုတင်ပြင်ဆင်မှု အစည်းအဝေးကို မေလ ၁၄ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သေးသည်။ ထို့ပြင် NCCT ခေါင်းဆောင်များသည် KIO ထိန်းချုပ်ရာ လိုင်ဇာမြို့သို့ သွားရောက်က လတ်လော ပဋိပက္ခ ဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ အဖြေရှာရန် ဆွေးနွေးသွားမည် ဖြစ်သည်။
မေလ ၁၃ရက်က ပြုလုပ်သော အစိုးရနှင့် KIO ငြိမ်းချမ်းရေးအဖွဲ့တို့၏ ဆွေးနွေးမှုအပြီး ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမည့် ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့သည်။