Pages

Top Menu

Pages

Saturday, March 15, 2014

e=mc 2

Sai Thein Win
၂၀၀၄ စက်တင်ဘာမှာ မော်စကိုစက်မှုတက္ကသိုလ်ကို PhD အတွက် တခေါက်ပြန်သွားတော့ ဖီလော်ဆော်ဖီဘာသာရပ်ကို Semester နှစ်ခု ယူရတယ်။ မြန်မာပြည် Bachelor တန်းမှာ မယူခဲ့လို့တဲ့။ ရုရှတက္ကသိုလ်တွေရဲ့ စံအရ အင်ဂျင်နီယာတွေဟာ တွေးခေါ်နိုင်စွမ်းမြင့်မားအောင် ဖီလော်ဆိုဖီကို မသင်မနေရ သင်ရမယ်လို့ ပြောတယ်။
စာသင်ခန်းက အမေးအဖြေတွေနဲ့ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ နိုင်ငံစုံ၊ လူမျိုးစုံ၊ ကိုးကွယ်ရာဘာသာစုံဆိုတော့ အမြင်တွေကလည်း စုံတယ်။ ဆရာမနာမည်ကတော့ ဒေါက်တာ ဒေါ်ဂူရှီယဲဗာ Dogushieva ပါ။ တနေ့ကျတော့ "လောကမှာ ဘာအရေးအကြီးဆုံးလဲ"ဆိုတဲ့ ခေါင်းစဉ်ကို ဆရာမက တင်လိုက်တယ်။ ကျနော်တို့တွေ တယောက်တမျိုးဖြေပြီးကြချိန်မှာ ထုံးစံအတိုင်း သူကပဲ ပြန်ပြီး ညှိနှိုင်းအဖြေထုတ်ပေးပါတယ်။
သူပြောသွားတာက "တခါတုန်းကတော့ ပလေတိုဟာ ကောင်းကင်ဘုံက အရေးအကြီးဆုံးလို့ (လက်နှစ်ဖက်ကို မြှောက်ရင်း) ပြောခဲ့တယ်။ သူ့နောက်မှာ ပေါ်တဲ့ ဆော်လမွန်ဘုရင်ကြီးကတော့ ဉာဏ်ပညာက အရေးအကြီးဆုံးပဲလို့ (ခေါင်းကို ပုတ်ပြရင်း) ပြောတယ်။ နောက်တော့ ဂျီးဆပ်စ်ဆိုတဲ့ သူတော်စင်တဦးပေါ်လာတယ်။ သူကတော့ (ရင်ဘတ်ကို ပုတ်ပြရင်း) မေတ္တာတရား/နှလုံးသားက အရေးအကြီးဆုံးလို့ ပြောခဲ့တယ်။ တခါ ကားလ်မာက်စ်ဆိုတဲ့ တွေးခေါ်ရှင်က ကျတော့ စားဝတ်နေရေးက အရေးအကြီးဆုံးပဲလို့ (ဗိုက်ကို ပုတ်ပြရင်း)ပြောတယ်။ ယန်းပေါလ်ဆတ်ကျတော့ ဒီထက်ပိုနိမ့်တဲ့ နေရာကို သွားတယ်။ လူ့လောကမှာ အရေးအကြီးဆုံးက လိင်မှုကိစ္စ Sex ပဲတဲ့။ နောက်ဆုံးမှ ပေါ်တဲ့ ဉာဏ်ကြီးရှင် အိုင်းစ်တိုင်းကတော့ အားလုံးဟာ ဆက်နွယ်နေပါတယ်လို့ (Relativity Theory ကို ရည်ညွှန်းပြီး)ပြောခဲ့တယ်။ နိဂုံးချုပ်တော့ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာထက် အရာရာအားလုံးဟာ ဆက်နွယ်ဆက်စပ်နေပါတယ်ဆိုတဲ့ အသိက အရေးအကြီးဆုံးပါပဲ.." တဲ့။
တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်မှာတုံးက ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဝင်းမြင့်ကလည်း ဒီလို မရိုးမစွဲ ဥပမာလေးနဲ့ မှာဖူးတာရှိတယ်။ "မင်းတို့တွေ အရာရှိဖြစ်လာရင် သောက်ဝိုင်းစားဝိုင်းတွေတော့ မလွဲမသွေကြုံမှာပဲ။ မူးလာရင် စကားတွေလည်း ပြောလာလိမ့်မယ်။ အဲဒီကျရင် Don't go above the belt ခါးပတ်အထက်ပိုင်း ကိစ္စ မပြောမိစေနဲ့။ ဘယ်လောက်ကြီး ညစ်ညမ်းတဲ့ ဟာသဖြစ်ပါစေ အဲဒါပြောလို့ ရန်ထမဖြစ်နိုင်ဘူး။ ခါးပတ်အထက်တက်လိုက်ရင် ရန်ဖြစ်စရာတွေ ချည်းပဲ။ သေနတ်ကိုင်ထားတဲ့ လူတွေဟာ ရန်ပွဲကို ရှောင်တတ်ရတယ်"တဲ့။ ရယ်ရယ်မောမောနဲ့ပဲ ကျနော်တို့ စိတ်ထဲစွဲသွားကြတယ်။
ကျနော်တို့ ကျောင်းအုပ်ကြီး ပြောတာက လူတွေဟာ အရက်မူးလာရင် ဆင်ခြင်တုံတရား ကျသွားတတ်စမြဲမို့ စကတည်းက အငြင်းပွားဖွယ်ရာ ရှိတဲ့ စကားတွေကို မပြောမိ မဆိုမိကြဖို့ပါပဲ။ တကယ့်တကယ်တမ်း လက်တွေ့ဘဝမှာတော့ လူတွေဟာ ခါးပတ်အထက်က အကြောင်းအရာတွေ ပြောတိုင်းပြောတိုင်း မမူးပဲနဲ့ကို ရန်သတ်နေကြတာ တွေ့နေရတယ်။ အရာရာအားလုံးဟာ ဆက်နွယ်ဆက်စပ်နေပါတယ်ဆိုတဲ့ အသိက ပင်ကိုယ်အားနည်းနေကြတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။
ကျနော်တို့တတွေဟာ လူမျိုးစုံသလို ကိုးကွယ်ရာဘာသာလည်း စုံပါတယ်။ ဒါပေမယ့် နေထိုင်ရာ တိုင်းပြည်ကတော့ တခုတည်းပါပဲ။ ဒါဟာ ကျနော်တို့ရဲ့ တခုတည်းသော ဆက်စပ်ဆက်နွယ်မှုလည်း ဖြစ်ပါတယ်။ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ ငါ့ဘာသာဆိုရင် ကျနော်တို့အားလုံးအတူတကွ ပူးပေါင်းတည်ထောင်မယ့် ပြည်ထောင်စုကြီးက ဘယ်လိုလုပ်သာယာတိုးတက်နိုင်ပါ့မလဲ။ မတူကွဲပြားစွာ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားကြဖို့ဆိုရင် ကျနော်တို့ရဲ့ ဆက်နွယ်ဆက်စပ်မှုက အရေးကြီးဆုံးဆိုတာကို အသိထားကြဖို့တော့ လိုအပ်ပါလိမ့်မယ်။
ပင်လုံပြည်ထောင်စုကြီးဆီသို့..
စိုင်းသိန်းဝင်း