Pages

Top Menu

Pages

Thursday, December 5, 2013

ခင်ဗျားတို့လွန်လွန်းနေပြီ



၂၀၁၀-ခုရွေးကောက်ပွဲမှာ မဲခိုးတက်လာခဲ့ပြီး "၂၀၀၈-ခုဥပဒေ တရားဝင်ရေး"ကို အစဉ်တစိုက် ကြိုးပမ်းလာတဲ့ သိန်းစိန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို အားပြုတဲ့ နိုင်ငံရေးတစ်ခုကို ကစားခဲ့တယ်။ လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံကို ပြင်ဖို့ ဖြားယောင်းသွေးဆောင်ခဲ့သလို ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အတွက် အသုံးချခံဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။ (၃)နှစ်လုံးလုံး သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်တို့ကို အတတ်နိုင်ဆုံး အလျှော့ပေးဆက်ဆံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိမိသြဇာကို အသုံးပြုပြီး စစ်အုပ်စုဝင်များကို အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက်နေတာတောင် စစ်တပ်နဲ့ ဆက်ဆံရေးပျက်ပြားမှာစိုးလို့ ရေငုံနှုတ်ပိတ်ခဲ့ပါတယ်။ ကချင်၊ ရခိုင်၊ ပြည်မသားအချို့ရဲ့ ငြိုငြင်မှုကိုလည်း ကြည်ကြည်ဖြူဖြူနဲ့ ခံယူခဲ့ပါတယ်။ စစ်အုပ်စုဝင်တွေဟာ အခုချိန်မှာဆို ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့လည်း အချို့ကိစ္စတွေမှာ သွားနိုင်လာနိုင်ပါပြီ။

ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဖို့ အင်တင်တင် လုပ်နေပါတယ်။ ပြင်မယ်ဆိုရင်တောင် လွှတ်တော်လမ်းကြောင်းကိုပဲ ဖွင့်ပေးထားပါတယ်။ ကြီးလေးကြီးတွေ့ဆုံဖို့ တောင်းဆိုမှုကိုလည်း ဗြောင်ပဲ ငြင်းဆန်လိုက်ပါတယ်။ စစ်တပ်တစ်ပိုင်းအရပ်သားအစိုးရဟာ ၂၀၀၈-ခုဥပဒေကို မပယ်ဖျက်ဘဲ ပြင်ဖို့သာ အရေးဆိုလာတာကို သိပ်ဂရုမစိုက်ပါ၊ မဲခိုးတက်လာတဲ့အစိုးရက တရားဝင်ဖြစ်လာတာကို အခွင့်ကောင်းယူပြီး ဒီမိုကရေစီအတိုက်အခံများကို ပမာမခန့် ပြုလာပါတယ်။ နိုင်ငံခြားဆက်ဆံရေး အနည်းငယ် အဆင်ပြေချောမွေ့လာတာကို သွေးနားထင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ ရှေ့ဆက်သွားလို့ရပြီလို့ ကြွေးကြော်လာကြပါတယ်။

ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈-ခုဥပဒေကို ပြင်မပေးရင် ၂၀၁၅-ခုကို သပိတ်မှောက်မယ်လို့ သြစတြေးလျရောက်တုန်း မသိမသာ လှစ်ဟပြောလိုက်တာကို အစာမကြေတဲ့ စစ်ခွေးများက တစ်မျိုးတစ်ဖုံ တိုက်စစ်ဆင်လာကြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာထောက်ခံမှုအပြည့်အဝရထားသူ ဖြစ်တယ်၊ နိုင်ငံတကာထောက်ခံမှုကို ကောင်းကောင်းအသုံးချပြီး ပရောဖက်ရှင်နယ်တပ်မတော်ကြီးတစ်ခုကို တည်ဆောက်နိုင်အောင် ကူညီပေးသင့်တယ်၊ တပ်မတော်နဲ့ ထိပ်တိုက်တွေ့နိုင်မဲ့ ခြေဥပြင်ဆင်ရေးကို ရှေ့တန်းမတင်သင့်ဘူး" လို့ ဆိုလာကြသတဲ့။

၂၀၀၈-ခု ပြင်ရေးဟာ စစ်တပ်ကို အရပ်သားအစိုးရလက်အောက်မှာ ထားနိုင်ဖို့ ပြင်ရတာ ဖြစ်တယ်။ အရပ်သားအစိုးရအောက်ကို ဝင်ရောက်ဖို့ လက်နက်ကောင်း ဝယ်ပြီး တပ်စရာမလိုပါဘူး။ နိုင်ငံခြားပညာရှင်တွေ သင်တန်းလာပေးမှ ပရောဖက်ရှင်နယ် ဖြစ်ရမတဲ့လား။ ခင်ဗျားတို့ လွန်လွန်းနေပြီ။