Pages

Top Menu

Pages

Wednesday, September 18, 2013

မြန်မာစစ်တပ်ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်ပါတယ်

မေး။ ကေအိုင်အိုနဲ့ ပက်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ်
ဘာများပြောချင်ပါသလဲ။

ဖြေ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်ပါတယ်။

မေး။ အဆိုပါစွပ်စွဲချက်နဲ့ ပက်သက်ပြီး တိုက်ပွဲဖြစ်စဉ်အကျဉ်းကို ပြောပြပါဦး။

ဖြေ။ ခရန်ထီးဒမ် (Hkrang Hti Dam)ရွာဟောင်းမှာရောက်နေတဲ့ မြန်မာစစ်တပ်နဲ့ 
ဒေသခံပြည်သူ့ စစ် ပူးပေါင်းအင်အား ၃၀ ခန့် ဟာ ၁၅. ၈. ၂၀၁၃ ရက်နေ့ မှာ
အင်ရော့ဂါး (Nrawt Ga) ကျေးရွာကို ၀င်ရောက်လာခဲ့တယ်။ စစ်ကြောင်း
သွားရာလမ်းကြောင်းတလျှောက် သေနတ်ပစ်ဖောက်လာခဲ့ကြတယ်။
အဲဒီကနေတစ်ဆင့် KIA တပ်ရင်း (၇) ရဲ့  ရှေ့ တန်းကင်းစခန်းရှိရာ ကြိုင်ခူးခဇွပ်
(Chyai Hku Hka Zup) ရဲ့ အောက်ဖက်၊ အင်ခါးဂါး (Nhka Ga) ကျေးရွာသစ်ရဲ့ 
အပြင်ဘက်ကို ချဉ်းကပ်ဦးတည်လာခဲ့တယ်။ မိမိဘက်က တိုက်ပွဲကိုရှောင်ရှားလိုတဲ
အတွက် ရွာသားစေလွှတ်ပြီး စစ်ကြောင်းချဉ်းကပ်မလာစေဖို့ အသိပေးစေခဲ့တယ်။

ရွာသားတွေ တားဆီးပြောဆိုတာကို လက်မခံဘဲ ရှေ့ ကိုဆက်တိုးလာတဲ့အတွက်
၂၈. ၈. ၂၀၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရတယ်။
မြန်မာစစ်တပ်စစ်ကြောင်းဘက်မှာ ထိခိုက်မှုရှိခဲ့တယ်။ အဲဒါကြောင့်
၂၉. ၈. ၂၀၁၃ ရက်နေ့  မနက် ၀၆း၃၀ မှ ၀၇း၀၀ နာရီအတွင်း မြန်မာစစ်တပ်နဲ့ 
ပြည်သူ့ စစ်ပူးပေါင်းတပ်ဖွဲ့ ဟာ KIA ရှေ့ တန်းစခန်းကို နှစ်ကြိမ်တိတိ
ထပ်မံထိုးစစ်ဆင်လာတယ်။ မိမိတို့ ဘက်မှ ခုခံတိုက်ပွဲဆင်နွှဲရတယ်။
မြန်မာစစ်ကြောင်းဘက်မှ အရာရှိတစ်ဦးနဲ့ သာမန်ရဲဘော်တစ်ဦး ကျဆုံးတယ်။
မိမိဘက်က တပ်သားနှစ်ဦးလည်း ကျဆုံးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်မှ
လက်နက်ငယ်တစ်လက်၊ ပြည်သူ့ စစ်တပ်ဖွဲ့ ကိုင် M-22 တစ်လက် သိမ်းရမိတယ်။
မိမိဘက်က သေနတ်တစ်လက် လက်လွှတ်လိုက်ရတယ်။

၂.၉. ၂၀၁၃ ရက်နေ့ မှာ ခလရ (၁၃၈)၊ ခလရ (၄၆) ပါဝင်တဲ့စစ်ကြောင်း
(အင်အား ၁၀၀ ကျော်ဟာ) မချမ်းဘော့မြို့ ကနေပြီး စက်လှေတွေနဲ့ 
မလိခမြစ်အတိုင်း စုန်ဆင်းလာပြီး အင်ခါးဂါးကျေးရွာကို ရောက်ရှိလာခဲ့တယ်။
ဒါကြောင့် မိမိတပ်ဖွဲ့ တွေကလည်း စခန်းကနေ ရှောင်ထွက်ပေးလိုက်တယ်။
အင်ခါးဂါးကျေးရွာဟာ လွန်ခဲ့တဲ့ ၂ နှစ်က လုံခြုံရေးအရ နေရာရွှေ့ ပြောင်းတည်ခဲ့တဲ့
ကျေးရွာသစ်ဖြစ်တယ်။ အိမ်ခြေ ၂၀ ခန့် ရှိတယ်။ လွန်ခဲ့တဲ့တိုက်ပွဲပြင်းထန်ကာလ
အတွင်း အဲဒီဒေသမှာ မြန်မာစစ်ကြောင်း ၀င်/ထွက် မရှိခဲ့တဲ့အတွက်
အေးချမ်းနေခဲ့တယ်။

အင်ခါးဂါးကျေးရွာကို စစ်ကြောင်းဝင်ရောက်လာတဲ့နေ့ ကစပြီး ရွာသားတွေကို
ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ရွာသားတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို
ဖမ်းဆီးသတ်ဖြတ် လုယက်ခံရတယ်။ ရွာသားတွေရဲ့ ဆန်ရိက္ခာတွေ လုယက်ခံ
ရတယ်။ အင်ခါးဂါးကျေးရွာက ရွာလူကြီး ဦးလခင်ခေါတုပ် (Salang Lahkyen
Hkaw Tup) နဲ့  လူငယ် ရုန်ခါးခင် (Shadang Yung Hka Hkyen) ကို
လမ်းပြအဖြစ် ကြိုးတုတ်ခေါ်သွားတယ်။ နောက်ပိုင်းပျောက်သွားတယ်။
သတ်ဖြတ်ခံရတယ်လို့ သတင်းတက်လာတယ်။ ဘာသာရေးသင်းအုပ်ဆရာ
ရမ်မယ် (Rev. Ram Me) နဲ့  ယောကျာင်္း ၁၀ ယောက်ကျော်ကို ကြိုးတုတ်
ချိတ်ဆွဲထားပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်။

၂၉. ၈. ၂၀၁၃ တိုက်ပွဲမှာ ကျသွားတဲ့အရာရှိရဲ့ အလောင်းကို မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်ကနေပြီး ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် စုံစမ်းခဲ့တဲ့အတွက်
အလောင်းမြှုပ်နှံထားတဲ့နေရာကို အသိပေးခဲ့တယ်။ တကယ်လို့ အလောင်းကို
မဟုတ်မဟပ် လုပ်ထားမိခဲ့တယ်ဆိုရင် အလောင်းမြှုပ်နှံထားတဲ့နေရာကို
အသိပေးရန် အကြောင်းမရှိပါ။ ၂ နှစ် တိုက်ပွဲကာအတွင်း မိမိဘက်က
ဖမ်းဆီးရမိတဲ့ သုံ့ ပန်းတွေကို လူ့ ယဉ်ကျေးမှုနဲ့ အညီ ပြုမူဆက်ဆံခဲ့တာ
အားလုံးအသိဖြစ်တယ်။ အကြမ်းဖျဉ်းသိရသလောက် အရာရှိရဲ့ အလောင်းကို
စက်တင်ဘာလ (၅)ရက်နေ့  ပြန်ဖော်ရတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင်
ရွာသားတွေအားလုံးကို လက်လွန်ခြေလွန် မတရားနှိပ်စက် အဓမ္မပြုကျင့်မှုတွေ
ကျူးလွန်ခဲ့ပြီးဖြစ်တယ်။

အခုအချိန်မှာ အဲဒီရွာသားတွေဟာ ရွာအပြင်ထွက်ခွင့်မရသေးသဖြင့်
ဒုက္ခမျိုးစုံခံစားနေရတယ်။ ဒါပေမယ့် ရွာသားတွေရဲ့ ဖြစ်ရပ်တွေကို နည်းမျိုးစုံနဲ့ 
အပြင်ကို ပေါက်ကြားခဲ့တယ်။ ဒေသခံမြန်မာစစ်တပ်တွေဟာ မချမ်းဘော့
ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးတပ်ဖွဲ့ ဝင်တွေရှိတယ်။ အဲဒီကတစ်ဆင့်
သတင်းဟာ အပြင်ကိုရောက်ရှိခဲ့တယ်။ ရွာသားတွေကို အကူအညီပေးဖို့ အတွက်
ဘာသာရေးအသင်းအဖွဲ့ တွေဟာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ကို အနည်းဆုံး
သုံးကြိမ် ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါ။

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ရှေ့ တန်းစစ်ကြောင်းတွေရဲ့ 
၎င်းတို့ ကျူးလွန်ခဲ့တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်နိုင်ဖို့ 
ကြံဖန်တင်ပြခဲ့တဲ့ အစီရင်ခံစာကို အခြေပြုထားတာဖြစ်တယ်။ အထူးစိုးရိမ်စရာ
ဖြစ်တာကတော့ ထိန်းသိမ်းခံထားရတဲ့ ရွာသားတွေရဲ့ အသက်လုံခြုံရေးပါ။
စစ်တပ်ရဲ့ လက်ထဲမှာရောက်နေတဲ့အတွက် လက်ခုပ်ထဲကရေလို ဖြစ်နေကြရတယ်။

မေး။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်သလား။

ဖြေ။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်စရာတော့ မရှိပါဘူး။

မေး။ ကေအိုင်အေအနေနဲ့ ရော တိုက်ပွဲဖြစ်စဉ်အမှန်ကို ထုတ်ပြန်ကြေညာဖို့ 
ရှိသလား။

ဖြေ။ တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ကြေညာရန် မရှိပါဘူး။

မေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ ဆက်ကျင်းပသွားဖို့ ရှိ မရှိ သိလိုပါတယ်။

ဖြေ။ အောက်ခြေအဆင့်မှာတင်ပြတဲ့ တင်ပြချက်အမှားပေါ်မှာ
အခြေခံပြီး သုံးသပ်ချက်အမှားပြုတာ လုပ်မယ်ဆိုရင် ဆုံးဖြတ်ချက်အမှားတွေ
ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အတွက်
အဟန့် အတား ဖြစ်စေနိုင်ပါတယ်။

(Venus News ဂျာနယ် အတွဲ ၅ အမှတ် ၈ မှ ကူးယူပါသည်)