Pages

Top Menu

Pages

Friday, June 21, 2013

မိုင်ဂျာယန်ဒေသအတွင်း အစိုးရနှင့် KIA ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာ


******************************************
( KNG)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် အစိုးရတပ်ကြား ရှမ်းပြည်မြောက်ပိုင်းတွင် တင်းမာနေချိန်တဆက်တည်း ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ တပ်မဟာ (၃) ရှိရာ မိုင်ဂျာယန် (Mai Ja Yang) ဘက်သို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည်။

ဇွန်လ ၁၈- ၁၉ ရက်အတွင်း မိုင်ဂျာယန်မြို့နယ် ဗန်းမော်-ကိုင်ထိပ် ကြားရှိ KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေသို့ မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ ၂၄၀ အင်အား ၉၀ ကျော်နှင့် ထိပ်တိုက် အချိန်တို တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ပြောသည်။

ယမန်နေ့ ၁၉ ရက် နံနက် KIA တပ်ရင်း ၂၇ အခြေစိုက်ထားသောနေရာသို့ အစိုးရဘက်မှ စတင်လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်ထိခိုက်မှု အနည်းငယ်ရှိပြီး သေဆုံးမှုမရှိကြောင်း KIA တပ်မဟာ (၃) မှ အရာရှိ တဦးပြောသည်။

အဆိုပါတိုက်ပွဲသည် ၁၈ ရက် ညမှစ၍ ကိုင်ထိပ်နှင့် ဘလောင်ဒိန်ဆာ ဒူးခူ (Du Hku) ရွာဟောင်းတွင် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၉ ရက်နေ့ နံနက်တွင် မိနစ် ၂၀ ကျော်ကြာ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA အရာရှိပြောသည်။

“အခုချိန်က သူတို့ဘက်က တပ်အပြောင်းအလဲလုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ ကျွန်တော်တို့စခန်းဘက်မှာ သူတို့ သိသိကြီးနဲ့ဝင်လာတယ်။ အဲဒါနဲ့ပစ်ကြတာ”

၎င်းအစိုးရတပ်သည် မန်စီ (Mansi) ဘက်မှ တိုးချဲ့လာသော တပ်မ ၉၉ အောက်ရှိ တပ်ရင်း ခလရ ၂၄၀ ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များ ခိုလှုံရာ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ဒေသအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သော်လည် ၎င်းတို့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိသေးကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ပြောသည်။

“အခုက စစ်ပွဲတွေလျော့နည်းသွားအောင် ဆက်လက်ပြီးဆွေးနွေးသွားမယ်လို့ နှစ်ဖက်ပြောထားတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့် တိုက်ပွဲကတော့ဖြစ်မှာဘဲ သူတို့က ကျွန်တော်တို့ရှိတဲ့နေရာမှာ လှုပ်ရှားလာရင်တော့ တိုက်ပွဲက ဆက်ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲမဖြစ်အောင် လက်မှတ်ထိုးဒါ မှမဟုတ်တာ သူတို့လှုပ်ရှား လာရင်တော့ ဖြစ်မှာဘဲလေ”

ယခုချိန်တွင် အစိုးရတပ်ဘက်မှ ၎င်းတို့၏ တပ်မ ၉၉ ကိုင်ထိပ် စခန်းသို့ ခေတ္တဆုတ်ခွာသွားသောကြောင့် နှစ်ဖက်တိုက်ခိုက်မှုများ မရှိသေးကြောင်းသိရသည်။

မြစ်ကြီးနားမြို့ တွင်အစိုးရနှင့် KIA နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက် မှုလျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် အချက် ၂ ချက်ပါ သဘောတူထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။