Pages

Top Menu

Pages

Tuesday, May 14, 2013

နိုင်ငံရေး ကကြီး ခခွေး

Kachin Duwa



Posted: 11 May 2013 06:29 PM PDT
ဒူဝါက ဖက်ဒရယ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ရေးရင် ဗဟိုအစိုးရ ဆိုတာ ခဏဏ တွေ့ပါလိမ့်မယ်။ တနေရာမှာတော့ စစ်အုပ်စုထဲက အထင်ကရ (အမြဲတမ်း စစ်တပ်ကို ထောက်ခံနေသူ) တစ်ယောက်က Comment ပေးလာတယ်။

ဗဟို.. ဗဟို... နဲ့ ခင်များတို့ ကေအိုင်အေ ဌာနချုပ်လို့များ အောက်မေ့နေလား မသိဘူး.... တဲ့။ ဒါနဲ့ သူ တစ်ယောက်ထဲလား ဆိုတော့ သူ့ကို Like ပေးထားတဲ့ နောက်လိုက်တွေကလဲ မနည်းဘူး ဖြစ်နေတယ်။

ဒီတော့... ဒူဝါ အနေနဲ့ ရီအားထက် ငိုအားသန် ဆိုသလို ဖြစ်သွားပါတယ်။

ကျနော်တို့ကသာ ဒီမိုကရေစီ တို့... ဖက်ဒရယ် တို့... စကားကြီး စကားကျယ်တွေ ပြောနေတာ... သူတို့ခင်မျာ ဗဟို အစိုးရ ဆိုတာတောင် နားမလည်ရှာသေးပဲကိုး....


ဒီတော့ ဒူဝါ အနေနဲ့ နိုင်ငံရေး ကကြီး ခခွေး စဉ်းစားလာရပါတယ်...

ဒီလိုကွဲ့...

တကယ်တော့ ဗဟိုအစိုးရ (Central Government) ဆိုတာ အခြေခံ ဥပဒေ မှာ ထည့်ရေးစရာ မလိုတဲ့ နိုင်ငံတိုင်းမှာ ရှိကို ရှိရမဲ့ အစိုးရ ဖြစ်ပါတယ်။ တခု ကွာခြားတာက အဲဒီ ဗဟိုအစိုးရ ကို ဘယ်လို ဖွဲ့စည်းသလဲ ဆိုတဲ့ ပြဿနာ ပါ။ ဗဟို အစိုးရ မရှိတဲ့ နိုင်ငံ မရှိပါဘူး။ ကေအိုင်အေမှာပဲ ရှိတာ မဟုတ်ဘူးနော်... ကလေးတို့...

ဖက်ဒရယ် လို့ ဆိုနေတာဟာ ဗဟိုအစိုးရ ရှိစရာမလိုတော့ဘူး လို့ ဆိုလိုခြင်း မဟုတ်... အမေရိကန် မှာ ဆိုရင် ဖက်ဒရယ် အစိုးရ လို့ ခေါ်တယ်။ သူ့ ပြည်နယ်လိုက် အစိုးရလဲ ရှိတယ်။ ဒါပေမယ့် ဖက်ဒရယ် အစိုးရ ဟာ တနိုင်ငံလုံး နဲ့ ဆိုင်တဲ့ အစိုးရ ဖြစ်ပါတယ်။

မြန်မာပြည်မှာလဲ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရ တွေ ရှိတယ်... ဒါပေမယ်မဲ့ နေပြည်တော် အစိုးရလဲ ရှိတယ်။ အဲဒီ နေပူတော် အစိုးရ ကို ဗဟို အစိုးရ လို့ ခေါ်တကွဲ့...

သို့သော် အမေရိကန် နဲ့ မတူတာက အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို အမေရိကန် သမ္မတကြီး မခန့်ဘူးကွဲ့.... သူ့ ပြည်နယ်သားတွေပဲ ခန့်တာပါ။ မြန်မာပြည်မှာက ပြည်နယ် နဲ့ တိုင်း အုပ်ချုပ်ရေးမှူး (မြန်မာ့ အခေါ် ၀န်ကြီးချုပ်) တွေကို သာမက ပြည်နယ် ၀န်ကြီး ၀န်လေးအားလုံးကို သမ္မတကြီးက ခန့်ရတယ်ကွဲ့... အင်္ဂလိပ် ကိုလိုနီခေတ်က ဘုရင်ခံမင်းများ အတိုင်းပေါ့ကွယ်... ဒီတော့ ပြည်နယ်သား၊ တိုင်းဒေသကြီး ဒေသခံတွေနဲ့ မဆိုင်တော့ဘူးလေ။ သမ္မတကြီးကို ကိုယ်စားပြုသွားပြီ။ သမ္မတကြီး ခိုင်းသမျှလုပ်ပဲ။ သမ္မတ သဘောကောင်းရင် ဒေသခံတွေ သက်သာမယ်... သမ္မတကြီးက သဘောမတွေ့ရင် ဘာမှ ရမှာ မဟုတ်ဘူး။ ကျားသနားမှ နွားချမ်းသာရမဲ့ အဖြစ်မျိုးကွဲ့။ ကျား ဆိုတာ နွားကို သနားရိုးလား... စဉ်းစား ပေါ့ ကလေးတို့ရယ်..... ကျားက သနားချင်ရင်တောင် သူ့ကလေးတွေကို အစာရှာကျွေးရမယ် ဆိုရင် မခက်ပေဘူးလား....

ဒါကြောင့် တိုင်းရင်းသားတွေ ပြောပြောနေတဲ့ ဖက်ဒရယ် ဆိုတာ ခင်များတို့ ဘဘ တွေ ပြောပြောနေတဲ့ ခွဲထွက်ရေး မဟုတ်ဘူးနော်... ခင်များတို့ရဲ့ မိသားစုတွေရဲ့ အကျိုး အတွက်လဲ ပါတယ်။ ဖက်ဒရယ်လိုနေတာ တိုင်းရင်းသား ပြည်နယ် တွေပဲ မဟုတ်... တိုင်းဒေသကြီးတွေလဲ လိုပါတယ်။ အဲဒါက ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချရေး (Decentralization) ပါ။ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ တိုးတက်လာတဲ့ သမိုင်းကြောင်းကို ပြန်ကောက်ရင် ဗဟိုချုပ်ကိုင်မှု စနစ်လျှော့လိုက်တဲ့ နောက်ပိုင်းက စလာတာပါ။ စီးပွါးရေး၊ လူမှုရေး၊ ကောင်းမွန်တဲ့ အစိုးရ၊ စတဲ့ နိုင်ငံတော် သမ္မတကြီး နှုတ်ဖြားက ပြောပြောနေတဲ့ အရာတွေအားလုံးက ၂၀၀၈ အခြေခံ ဥပဒေ နဲ့ မရနိုင်ဘူးကွဲ့.... ဗဟိုက လုပ်လို့ မရဘူး... အောက်ခြေက လုပ်ရမှာပါ။ အဲဒါကို ပြည်သူအားလုံးပါဝင်မှု (Public Participation) လို့ခေါ်တယ်။

ပြည်သူပါဝင်မှု ဆိုတာနဲ့ ခင်များတို့က လမ်းတံတားဆောက်တဲ့ နေရာ လုပ်အားပေးခိုင်းနေအုံးမယ်.. အဲဒီလို မဟုတ်ဘူးနော်... အဲဒီ အုပ်ချုပ်သူ နယ်ခံ အစိုးရကို နယ်ခံပြည်သူပြည်သားတွေက တိုက်ရိုက်ရွေးချယ်ပိုင်ခွင့် ပါ။

ဒီလောက်ဆိုရင် ရှင်းရောပေါ့... မသိတာ ရှိရင် ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်ကွယ်.....