Pages

Top Menu

Pages

Thursday, July 12, 2012

Myen hpe nmai kam

ကချင်ဒေသရှိရာဇ၀တ်ဂိုဏ်းသားများ။ ကချင်ဒေသမှာဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အလုံးစုံကို ခြုံငုံသုံးသပ်ကြည့်ပါက လူဆိုး ဂိုဏ်းသားများ/ရာဇ၀တ်ဂိုဏ်းသားများ သူတို့ထင်သလို ခြယ်လှယ်နေကြကြောင်း ထင်ရှားလှ ပါတယ်။ ၁။ ငြိမ်းချမ်းရေး ဖြစ်မလာနိုင်အောင် ပရိယာယ်ဥာဏ်နီဥာဏ်နက် ဆင်နေသူသည် KIO မဟုတ်ဘဲ သိန်းစိန်အစိုးရသာလျှင်ဖြစ်ကြောင်း၊ ပါးစပ်ကဘုရားဘုရား၊ လက်ကကိုးရိုးကားရား ဖြစ်နေကြောင်း သိသာလှပါတယ်။ နှစ်ဦးနှစ်ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရန် သတင်းပေါ်ထွက် လာတိုင်း စစ်ရေးလှုပ်ရှားမှုလည်း တပါတည်းလိုက်လာစမြဲဖြစ်နေတာ သုံးသပ်သိရှိရပါတယ်။ ၂။ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းရပ်ကွက်၊ စစ်ဘေးရှောင်စခန်းမှ ဦးလထော် ဘရန်ရှောင်အား အဓိပ္ပာယ်မဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခြင်းဟာ သက်သက်မဲ့ ကချင်လူမျိုးတစ်ရပ်လုံးကို စိန်ခေါ်ခြင်းဖြစ်တယ်။ မင်းတို့ဘာများတတ်နိုင်လို့လဲ ဆိုတာမျိုး၊ ငါလုပ်သလိုမလုပ်နဲ့၊ ငါပြောသလိုသာလုပ်ပါ ဆိုတဲ့လုပ်ရပ်မျိုးဖြစ်တယ်။ တရားရုံးတော်မှာ မဟုတ်မမှန်တဲ့ ၀န်ခံချက်တွေကို အတင်းအဓမ္မ ထွက်ဆိုခိုင်းတယ်။ ချောင်းတစ်ခုရဲ့ အထက်ပိုင်းမှာ ရေဆင်းသောက်ခဲ့တဲ့ ၀ံပုလွေတစ်ကောင်ဟာ ချောင်းရဲ့အောက်ပိုင်းမှာ ရေဆင်းသောက်နေတဲ့ သိုးကလေးကို မင်းကြောင့်ငါ့ကို ရေနှောက်စေတယ် ဆိုပြီးအပြစ်တင်တဲ့ ပုံပြင်မျိုးဖြစ်တယ်။ ၃။ အမှန်ဆိုရင် တောထဲမှာ မရှောင်သာမလွှဲသာ လက်နက်ကိုင်စွဲခဲ့ဖူးသူ တစ်စုံတစ်ဦးက စစ်ကိုမုန်းတီဲးပြီး အမြင်မှန်ရကာ မှီခိုရောက်ရှိလာရင်တောင်မှ ဘေးမဲ့ထားသင့်ပါသေးတယ်။ အခုလုပ်ပုံဟာ စစ်ဘေးရှောင်ဒုက္ခသည်များကို လှောင်အိမ်ထဲက ကြက်ငှက်များပမာ ဖမ်းချင်ရာဖမ်း၊ စမ်းချင်ရာစမ်း၊ သတ်ချင်ရာသတ်၊ ဖြတ်ချင်ရာဖြတ်၊ ဘ၀အာမခံချက်မရှိတဲ့ သက်ရှိအကောင်ပလောင်ပုံစံမျိုး ဆက်ဆံပြုမူနေကြတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ဟိုဘက်ကမ်းတောင်ကျော်နေကြပြီ။ ၄။ ကမ္ဘာနဲ့ပြည်သူရဲ့ ရှေ့မှောက်မှာတော့ ခေတ်ပြောင်းပြီ၊ စနစ်ပြောင်းပြီ၊ မူပြောင်းပြီ၊ စစ်အစိုးရမဟုတ်တော့ပါ၊ ဒီမိုကရေဒီအစိုးရပါ ဆိုပြီး မုသားစကားနဲ့ ဖျော်ဖြေနေကြတယ်။ အမှန်မှာတော့ လူဆိုးဂိုဏ်းကြီး၊ ရာဇ၀တ်ဂိုဏ်းကြီးဖြစ်ကြတယ်။ မိမိတို့ကိုးကွယ်တဲ့ ဘုန်းကြီးတွေကိုတောင် ရဲရဲဝံ့ဝံ့လူမဆန် သတ်ဖြတ်ရဲတဲ့ ဒီရာဇ၀တ်ဂိုဏ်းဟာ ကချင်လူမျိုးများ ကိုသာမက ပြည်ထောင်စုကြီးထဲက ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းသားများအပေါ် စစ်မှန်တဲ့ မေတ္တာ၊ စေတနာ ထားရှိလိမ့်မယ်လို့ မျှော်လင့်နေပါက ဆင်လီးခွေးမျှော် ဆိုတဲ့မိုက်ရိုင်းရိုင်း စကားပုံကိုသာ အလွတ်ကျက်မှတ်ထားကြပေတော့။ ကျေးတောသားမောင်ပေါက်ကြိုင်း တာလောကြီး။ ၂၀၁၂ခုနှစ်၊ ဇူလိုင် (၁၁) ရက်။