Pages

Top Menu

Pages

Friday, May 11, 2012

လယ်သမားသမဂ္ဂ တရားဝင်ဖြစ်ရန် ဒေါ်ဘောက်ဂျာ ပြင်ဆင်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယာယီဖွဲ့စည်းထားသည့် တောင်သူလယ်သမား သမဂ္ဂကို တရားဝင် ဖြစ်ရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာ က ကြိုးပမ်းနေသည်။ အခြေခံ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်ပြီးနောက် အဖွဲ့ဝင် ၅၀၀ ဖြင့် ယာယီ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာ က ပြောသည်။ “ဖားကန့်မြို့နယ်တွင်းက ကျေးရွာတွေမှာ ကော်မတီတွေ ဖွဲ့စည်းပြီး တမြို့နယ်လုံး အတိုင်းအတာနဲ့ တောင်သူ လယ်သမားသမဂ္ဂ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တောင်သူတွေရဲ့ ရပိုင်ခွင့်တွေ ဘယ်လိုရှိတယ်။ ဥပဒေက ဘယ်လို ရှိတယ်ဆိုတာ တတ်နိုင်သလောက် သင်တန်းတွေ ပေးတယ်” ဟု ပြောသည်။ ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ သမဂ္ဂများ ပေါ်ထွန်းလာပါက တရားဥပဒေ စိုးမိုးရေးကိုပါ အထောက်အကူ ဖြစ်စေနိုင် ကြောင်း “မြန်မာပြည်တပြည်လုံး တောင်သူလယ်သမား သမဂ္ဂတို့၊ အလုပ်သမားသမဂ္ဂတို့ ပေါ်လာရင် သူ့ဟာနဲ့သူ ပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ပြည်နယ်မှာ ဥပဒေစိုးမိုးမှုက ပိုပြီး ထိရောက် လာလိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာပါ” လို့ ပြောပါတယ်။ ၎င်းတောင်သူလယ်သမားသမဂ္ဂကို တရားဝင်ဖြစ်စေရန်အတွက် ရှေ့နေများနှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်နေကာ ကချင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သမဂ္ဂတရပ် ဖြစ်လာဖို့လည်း ရည်ရွယ်ကြောင်း ဒေါ်ဘောက်ဂျာ က ပြောသည်။ ဒေါ်ဘောက်ဂျာမှာ ကချင်ပြည်နယ်အတွင်း တောင်သူလယ်သမားအရေး၊ ကလေးစစ်သားအရေးကိစ္စတို့ကို ကူညီဆောင်ရွက်ပေးနေသူတဦး ဖြစ်သည်။ http://www.mizzimaburmese.com/news/breaking-newsbrief/9320-2012-05-10-13-16-12.html